စိတ်ပညာရှင်တွေရဲ့အလိုအရ နာမည်ကျော်ပုဂ္ဂိုလ်တွေ သေဆုံးသွားချိန်မှာ လူတွေ ရင်ထုမနာခံစားလေ့ရှိတာဟာ ပုံမှန်ကိစ္စပါပဲတဲ့။ ရိုးရိုးလေး စဉ်းစားကြည့်မယ်ဆိုရင် သေသွားတဲ့ ထင်ရှားကျော်ကြားသူတွေဟာ ကိုယ့်ဆွေကိုယ့်မျိုးလည်း မဟုတ် ၊ ကိုယ်နဲ့သိကျွမ်း ပတ်သက်သူတွေလည်း မဟုတ်ပါဘဲနဲ့ ဘာကြောင့်များ သူတို့အတွက် ဝမ်းနည်းရမလဲပေါ့။ နည်းနည်းလည်း ထူးဆန်းတယ်လို့ ထင်စရာပါပဲ။
အရင်တစ်နှစ်ကျော်လောက်က ကမ္ဘာ့ဘက်စကတ်ဘောအကျော်အမော် ကိုဘေးဘရိုင်ယန့် သေဆုံးမှုကို ဥပမာအနေနဲ့ ကြည့်လို့ရပါတယ်။ အသက် ၄၁ နှစ်အရွယ် ဂန္တဝင်ဘက်စကတ်ဘောသမား ဘရိုင်ယန့်ဟာ အသက် ၁၃ နှစ်အရွယ် သမီးငယ် ဂျီယာနားနဲ့အတူ ဇန်နဝါရီ ၂၆ ရက် ကယ်လီဖိုးနီးယားပြည်နယ် ကိုလာဘာဆတ်မှာ ဟယ်လီကော်ပတာပျက်ကျရာကနေ သေဆုံးသွားခဲ့ပါတယ်။
Photo: Reader’s Digest
နှစ်ပေါင်း ၂၀ ဘက်စကတ်ဘောလောကထဲ ကျင်လည်ခဲ့တဲ့ ဂန္တဝင်ကစားသမားကြီးဟာ ကျန်ရစ်တဲ့ သူ့ဇနီး ဗန်နက်ဆာ ၊ သမီးသုံးဦးဖြစ်တဲ့ နာတာလီယာ ၊ ဘီယန်ကာနဲ့ ကာပရီတို့ကို သူ့ရဲ့ အောင်မြင်မှုတွေ ၊ ဆုဖလားတွေနဲ့အတူ ချန်ထားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာကျော် ကြယ်ပွင့်ကစားသမားကြီး ကွယ်လွန်မှုကို သူ့မိသားစုဝင်နဲ့ အကျွမ်းတဝင်ရှိတဲ့ မိတ်ဆွေတွေပဲ ကြေကွဲရတာ မဟုတ်ပါဘူး။ သူ့ကို တစ်ခါမှာတောင် မမြင်ဖူး မတွေ့ဖူးကြတဲ့ ပရိသတ်တွေကလည်း ဘရိုင်ယန့်ကွယ်လွန်မှုကို ဝမ်းနည်းကြေကွဲခဲ့တာ ဖြစ်ပါတယ်။
ဒါကို ကြည့်ချင်အားဖြင့် ဆယ်လီပုဂ္ဂိုလ်တစ်ဦးရဲ့ နာရေးဟာ ဘာကြောင့် ကျွန်တော်တို့ကို အလေးအနက် ထိခိုက်ခံစားစေခဲ့တာပါလဲ။ အားကစားသမားတွေ ၊ သရုပ်ဆောင်နဲ့ ဂီတဘက်က နာမည်ကျော် Celebrities တွေ သေဆုံးချိန်မှာ လူတွေရဲ့စိတ်ထဲ အမာရွတ်တစ်ခုလို ကျန်စေခဲ့တယ်လို့ စိတ်ကုထုံးဆိုင်ရာ ပညာရှင် တွမ် ကာစ်တင်က ရှင်းပြထားပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဒီ Cele တွေကို မသိကြပေမယ့် ကျွန်တော်တို့ စိတ်နဲ့ မှတ်ဉာဏ်မှာ သူတို့ရဲ့ အနုပညာနဲ့ လုပ်ရပ်တွေက အမှတ်ရဖွယ် ကျန်ရစ်စေခဲ့တာကြောင့် ဖြစ်ပါတယ်။
Photo: whatsyourgrief
“ဥပမာအားဖြင့် တွမ်ပတ်တီ (အမေရိကန်အဆိုတော် ၊ တေးရေးနဲ့ သရုပ်ဆောင်) သေဆုံးခဲ့ပေမယ့် သူအသက်ရှိစဉ် သီဆိုခဲ့တဲ့ သီချင်းတွေဟာ အတိတ်မှတ်ဉာဏ်တွေအဖြစ် လူတွေရင်ထဲ ပြန်ခံစားမိစေတာပါ။ ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့ သေဆုံးမှုကလည်း သူရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ မှတ်ဉာဏ်တွေအဖြစ် လူတွေစိတ်ထဲ ပြန်ရောက်လာ ဖြစ်ပါတယ်။” လို့ ကာစ်တင်က ဆိုပါတယ်။
လူတစ်ယောက် သေဆုံးမှုဟာ တစ်ခါတလေမှာ လူမသိသူမသိ မှတ်ဉာဏ်မရှိ ပြီးဆုံးသွားတဲ့ ကိစ္စဖြစ်တတ်ပေမယ့် လူတွေရဲ့ ရင်ထဲ ရောက်စေတဲ့ လုပ်ရပ်တွေနဲ့ အမှတ်တရကောင်းတွေ ချန်ထားနိုင်သူတွေ သေဆုံးသွားချိန်မှာတော့ နှစ်ပေါင်း ရာထောင်ချီအောင် သူ့အကြောင်းကို တသသ ပြောနေကြမှာ အမှန်ပါပဲ။