အခုခေတ်လို အလုပ်အကိုင်ပြဿနာ ပိုများလာတဲ့ ကာလကြီးမှာ အလုပ်သစ်တစ်ခု ရဖို့ဆိုတာ ပိုလို့တောင် ခက်လာပါတယ်။ အရည်အချင်းရှိတဲ့သူတိုင်းတောင် အလုပ်ရဖို့ လွယ်တာ မဟုတ်ပါဘူး။ အလုပ်ရှာရာမှာလည်း အရင်လို ဘွဲ့တွေ ၊ လုပ်ငန်းအတွေ့အကြုံတွေ ကောင်းရုံနဲ့တင် မရတော့ပါဘူး။

လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်လို့ စိတ်ခံစားမှု အသိဉာဏ် Emotional Intelligence လည်း မြင့်နေမှ ဖြစ်ပါတယ်။ ခံစားမှုဉာဏ်ရည်ဆိုတာ တစ်ခြားသူတွေနဲ့ ဆက်ဆံရာမှာ သင့်ခံစားချက်ကို ဘယ်လိုထိန်းချုပ်ရမယ် ၊ သင့်ကိုယ်သင် ဘယ်သိမြင်ထားရမယ် ၊ ကိုယ့်အချိန်ကို ဘယ်လို စီမံခန့်ခွဲရမယ် စတဲ့ အရည်အချင်းတွေကို ခေါ်တာပါ။

Photo: Unsplash

ခံစားမှု ရေချိန်ညှိမထားတဲ့သူတွေဟာ တော်ရင်တောင် သူတို့ကို သုံးချင်သူ နည်းပါတယ်။ အဖွဲ့အစည်းလိုက် ပူးပေါင်းဆောင်ရွက်ရာမှာ ကလေးစိတ်မကုန်တဲ့သူတွေဟာ လူ့အဖွဲ့အစည်းအတွက် ပြဿနာပါ။ အခုခေတ်မှာ ဘယ်အလုပ်အကိုင်မဆို တစ်ယောက်တည်းနဲ့ မပြီးတော့ပါဘူး။ အတူပူးပေါင်း ဆောင်ရွက်ကြမှ ရလဒ်ကောင်းတွေ ရတာ ဖြစ်ပါတယ်။

နောက်တစ်ခုက အလုပ်သဘောတွေကလည်း ပိုပြီး ရှုပ်ထွေးပွေလီလာပါတယ်။ စိတ်ခံစားလွယ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သူအတွက် ဘယ်အလုပ်လုပ်လုပ် တစ်ချိန်မှာ ပြဿနာတွေနဲ့ လုံးချာလည်လိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လာမှာပါ။ ဒါကြောင့် အလုပ်သစ်ရှာမယ်လို့ စဉ်းစားထားရင် ကိုယ့်စိတ်ကို ခံနိုင်ရည်ပြည့်ဝပြီး ရင့်ကျက်အောင် မွေးယူထားဖို့ လိုပါတယ်။

Photo: Edx Blog

အငြင်းခံရမှုကို ကြိုပြီး နားလည်ပါ။ သဘောထား ကွဲလွဲမှုတွေ ၊ အပြစ်တင် ဝေဖန်ခံရမှုတွေ ၊ ဖောက်သည်တွေနဲ့ လက််ပေါက်ကတ်တဲ့ ဆက်ဆံရေးတွေ ကြုံမှာကို ကြိုမြင်ပါ။ Emotional Intelligent ဖြစ်တဲ့ သူဆိုတာ စက်ရုပ်လို ခံစားချက် ဖြုတ်ထားတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ဘယ်အချိန်မှာ စိတ်ခံစားချက်ကို ဘယ်လိုနည်းနဲ့ ဖြေဖျောက်ရမယ်ဆိုတာ သိတဲ့ သူတွေပါ။

သူတို့ဟာ ကိုယ့်အားနည်းချက်နဲ့ ကိုယ့်အားသာချက်တွေကို ပြတ်ပြတ်သားသား နားလည်ထားသူတွေပါ။ နားလည်တာကြောင့်ပဲ စိတ်ကို လွှတ်ထားရင် နောက်ဆက်တွဲကြုံလာမယ့် အရေးကို မျှော်တွေးနိုင်စွမ်း ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို သိတာကြောင့် ကိုယ့်ကိုယ်ကို ထိန်းနိုင်ပြီး ကိုယ့်ကိုယ်ကို ထိန်းနိုင်တာကြောင့်ပဲ ရေတို/ရေရှည် အလုပ်အကိုင်လမ်းကြောင်းမှာ အောင်မြင်မှုရကြပါတယ်။