ဟိုနားဒီနား သိပ်အဝေးကြီး သွားစရာမလိုဘဲ စွန့်စားခန်းဖွင့်နိုင်တဲ့ ခရီးတိုလေးတွေကို Microadventure လို့ ခေါ်ကြပါတယ်။ Microadventure ခရီးတွေက သင့်မြို့အနားက ‌တောင်ကုန်းနဲ့ တောတန်းဆီရင် ဖြစ်မယ် ၊ ဒါမှမဟုတ် အနီးအနားက ထင်ရှားတဲ့ ရှေးမြို့တွေဆီကို တစ်ကိုယ်တော်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲ ဖြစ်ဖြစ် အချိန်ရမယ်ဆိုရင် Microadventure ပုံမှန် ထွက်သင့်ပါတယ်။

ဘာကြောင့် Microadventure ထွက်သင့်သလဲဆိုရင် ပထမဆုံးအချက်က ဘာမှ ကုန်ကျစရိတ်သိပ်မရှိလို့ပါပဲ။ ကိုယ့်ကျောပိုးအိတ်ထဲမှာ အစားအသောက်နဲ့ ရေဗူးပါမယ်။ သွားလေရာ ပေါ့ပေါ့ပါးပါး သယ်နိုင်မယ့် Sleeping Bag ဒါမှမဟုတ် Sleeping Mat ဖျာတစ်ချပ်လောက် ပါရင် အဆင်ပြေပါတယ်။ သွားတာကလည်း ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားမလား ၊ စက်ဘီးလေးနဲ့ပဲ သွားမလား သွားနိုင်ပါတယ်။

microadventure and man

Photo: Unsplash

သွားဖို့လာဖို့အတွက်လည်း ပိုက်ဆံသိပ်သုံးစရာ မလိုပါဘူး။ သိပ်ကို ဝန်ကျဉ်းပြီး စရိတ်စကသက်သာလို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က Microadventure သွားဖို့အတွက် သိပ်ပြီး နေရာနဲ့ ပတ်သက်လို့ စဉ်းစားစရာ မရှိပါဘူး။ မြို့ပြင်ဘက် မိနစ် ၃၀ လောက် သွားလိုက်ရင် ရောက်မယ့်နေရာမျိုး စဉ်းစားလို့ ရပါတယ်။ မြို့ပြအရိပ်နဲ့ ဝေးကွာပြီး ဆူညံမှုတွေ ကင်းဆိတ်ရာ Camp ထိုးဖို့ ကောင်းတဲ့တစ်နေရာ ၊ ရှုခင်းကောင်းတဲ့ တစ်နေရာဆို အဆင်ပြေပါတယ်။

တစ်ယောက်တည်း မသွားချင်ရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ စုပြီး သွားလို့ ရပါတယ်။ ဝါသနာပါရင် ယမကာလေးတွေ ဆွဲသွားပြီး ညအိပ် Sleeping Bag နဲ့ Camp ထိုးပြီး မီးပုံပွဲလုပ်ရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါတယ်။ ဂစ်တာတီးတတ်တဲ့ မိတ်ဆွေတွေပါရင်တော့ အတိုင်းထက်အလွန်ပါပဲ။ မနက် ၉ – ညနေ ၅ နာရီ ရုံးအချိန်ဇယားထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက်အဖို့ တစ်ပတ်မှာ တစ်ခါလောက် ဖြစ်ဖြစ် Microadventure ထွက်တာဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ စိတ်လက်အပန်းဖြေနိုင်ပါတယ်။

friends and sunset

Photo: Unsplash

မွန်းကြပ်နေတဲ့ သမရိုးကျဘဝကနေ ခဏလောက် ရှောင်ခွာနိုင်တာ နည်းတဲ့ ကုသိုလ်မှ မဟုတ်တာ။ ကိုယ်သွားမယ့်ခရီးက တောင်တက်တောင်ဆင်းလုပ်နိုင် ၊ ရေကူးနိုင် ၊ မြက်ခင်းလွင်ပြင် ၊ တောတန်း နဲ့ သစ်ရိပ်ဝါးရိပ်သာတဲ့ နေရာဆိုရင်တော့ ပြီးပြည့်စုံတဲ့ Microadventure တစ်ခု ဖြစ်မှာ အမှန်ပါပဲ။ တိတ်ဆိတ်ငြိမ်သက်တဲ့ သဘာဝတောတန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကော်ဖီကောင်းတစ်ခွက် သောက်ရတာပဲ ဖြစ်ဖြစ် တောတက်တောင်ဆင်း စက်ဘီးစီးရင်း စိတ်လှုပ်ရှားမှုရသကို ခံစားရင်းဖြစ်ဖြစ် ကိုယ့်ဘဝရဲ့ အတွင်းထဲကို ခဏလောက်တော့ ဝင်ကြည့်သင့်ပါတယ်။