ဘာမှ လုပ်စရာမရှိ ။ ဘာလုပ်ရမှန်းလည်း မသိ ။ အခန်းထဲမှာ ချောင်ပိတ်မိသလိုမျိုး ခံစားနေရရင် သင့်မှာ တစ်နေ့တာအတွက် အစီအစဉ် မရှိတာကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အချိန်တော်တော်များများ အိမ်ထဲမှာပဲ ကုန်ဆုံးရသူတွေမှာဆို နေ့စဉ်အလေ့အကျင့်ရှိဖို့ဟာ ပိုလို့တောင် အရေးကြီး ပါတယ်။
ဘာကြောင့် နေ့စဉ် လုပ်ရိုးလုပ်စဉ် ပုံမှန်အကျင့်တွေက အခုချိန်မှာ ပိုအရေးပါလာသလဲဆိုတာ ဒီအချက်တွေက ပြောပြသွားပါလိမ့်မယ်။

(၁) ပိုပြီး ထိန်းချုပ်မှု ရှိစေတယ်

Photo: Unsplash

တစ်နေ့တာ လုပ်ရမယ့်အစီအစဉ်လေးတွေ ရှိတာက သင်ကြုံနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်တယ်လို့ ခံစားရစေပါတယ်။ သင့်ကိုယ်သင်နဲ့ သင့်ပတ်ပတ်လည်ကို ထိန်းချုပ်နိုင်တယ်လို့ ခံစားရတဲ့ စိတ်ဟာ အရေးကြီးပါတယ်။ သင့်စိတ်ကို မသေချာမှုနွံထဲက ထွက်စေတဲ့အရာပါ။ တစ်နေ့တာ လုပ်စရာလေးတွေ ပြီးသွားတာနဲ့အမျှ ပြဿနာတွေဟာ နည်းနည်းလာတယ်လို့ ခံစားရစေပါတယ်။

(၂) စိတ်ဖိစီးမှု နည်းစေတယ်

Photo: Freepik

တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကလည်း လူကို စိတ်ဖိစီးစေပါတယ်။ အိမ်ကနေ အရေးတကြီး အပြင်ထွက်လာပြီး အိမ်တံခါး သော့မခတ်မိတဲ့ အဖြစ်ကို စဉ်းစားကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ဒါဟာ တစ်နေ့တာ အချိန်ဇယားနဲ့ လုပ်ရိုးလုပ်စဉ် အလေ့အကျင့်တွေ ကမောက်ကမဖြစ်သွားတဲ့ ရလဒ် ဖြစ်ပါတယ်။ ဒီလို မဖြစ်အောင် ကိုယ့်ရဲ့ ပုံမှန်ပစ္စည်း အထားအသို ၊ လုပ်နေကျအကျင့်လေးတွေကို မမေ့မလျော့ လုပ်ဆောင်သွားမယ်ဆိုရင် ဒီအတွက်နဲ့ စိတ်ပင်ပန်းစရာ ကြုံမှာ မဟုတ်ပါဘူး။

(၃) သိပ်ခေါင်းမစားတော့ဘူး

Photo: Unsplash

လူတွေရဲ့ အာရုံဟာ တစ်စစီ ပြန့်ကျဲနေတာပါ။ နေ့စဉ် လုပ်ရမယ့်အစီအစဉ်တွေ ရှိထားရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ အခက်အခဲကြီးကို ကျော်ဖြတ်နိုင်မှာပါ။ နေ့တိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်စရာတွေ ဖြတ်ထားနိုင်ရင် ဦးစားပေးရမယ့်အရာတွေကို ပိုပြီး အာရုံစိုက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာတွေကို အာရုံစိုက်နိုင်တာနဲ့ အလုပ်ခွင်မှာ ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တော့မှာပါ။

(၄) အချိန်ပိုရလာမယ်

Photo: Unsplash

အခုခေတ်လို အားလပ်ချိန်နည်းပါးတဲ့ ကာလကြီးမှာ နေ့စဉ်ဇယားနဲ့ အစီအစဉ်ချ လုပ်တတ်သူတွေဟာ လုပ်စရာတွေ မြန်မြန်ပြီးလို့ အားလပ်ချိန်လည်း ပိုရပါတယ်။ ကိုယ့်အတွက်ကိုယ် အချိန်ပိုရလို့ စာပဲဖတ်ဖတ် ၊ ခရီးပဲ သွားသွား ၊ အားကစားပဲ လုပ်လုပ် နောက်ဆုံး ညဘက်ပဲ အိပ်ရာဝင်ဝင် အချိန်တွေအများကြီး ပိုပိုင်ဆိုင်မှာပါ။