ပီအက်စ်ဂျီကစားသမားသစ် ဝိုင်နယ်ဒန်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ဘယ်အသင်းကဆို ပြောင်းရွှေ့လာစေချင်တယ်လို့ ပြောကြားခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကောလာဟလတွေကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။

လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဝိုင်နယ်ဒန်က ပဲရစ်မှာ ပေါ့ဂ်ဘာနဲ့အတူ ကစားရမယ်ဆိုရင် နှစ်သက်မိလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပြင်သစ်ကြယ်ပွင့်နဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဝိုင်နယ်ဒန်က ပေါ့ဂ်ဘာဟာ သူမတူထူးခြားတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကောလာဟလတွေကို ပိုမိုအားကောင်းစေခဲ့တာဖြစ်ပါတယ်။

wijnaldum-pogba

Photo: fotmob

“ကျွန်တော်တို့နဲ့အတူ ပေါ့ဂ်ဘာကို ရှိစေချင်တယ်။ သူက ထူးခြားဆန်းကြယ်တဲ့သူပါ။ သူနဲ့ အကြိမ်ပေါင်းများစွာ ကျွန်တော် ရင်ဆိုင်ကစားခဲ့ရပါတယ်။ အရမ်းကောင်းတဲ့ ကစားသမားပါ”

“ခင်ဗျား တခြားအသင်းက ဘယ်လိုကစားသမားမျိုးမဆို ပေါ့ဂ်ဘာ သူတို့ဆီ ပြောင်းလာစေချင်လား မေးလိုက်ရင် အားလုံးက လာစေချင်ပါတယ်ပဲ ပြောလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အရည်အသွေးအပြည့်နဲ့ သူမတူထူးခြားတဲ့ကစားသမားမို့လို့ပါ”

“သူ့မှာ အရည်အသွေးတွေ အားလုံးရှိတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာက ယခုလအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက စာချုပ်သစ်အတွက် ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး ကမ်းလှမ်းခြင်းမရှိသေးဘူးလို့ ပြောကြားခဲ့ပြီး ယူနိုက်တက်ကတော့ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို ၂၀၂၂ ခုနှစ်ထက် ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေလိမ့်မယ်လို့ နားလည်ရပါတယ်။