ကိုရိုနာကြောင့် ၂၀၁၉-၂၀၂၀ ရာသီဟာပိုရှည်ကြာနေခဲ့ရင်တောင် ဇူလိုင်လနောက်ပိုင်းမှာ ချဲလ်ဆီးအတွက် ဆက်ကစားပေးဖို့ ပြဿနာရှိမှာမဟုတ်ဘူးလို့ ဝီလီယံက ဆိုပါတယ်။
အသက်၃၁နှစ်အရွယ် ကစားသမားဟာ လက်ရှိစာချုပ်မှာ ၃လခွဲသာ ကျန်တော့တာဖြစ်ပြီး သက်တမ်းတိုးစာချုပ်သဘောတူညီမှု မရရှိသေးတာလဲ ဖြစ်ပါတယ်။ချဲလ်ဆီးဟာ ဘရာဇီးသားကို ၂၀၂၂ မတိုင်ခင်အထိ အနောက်လန်ဒန်မှာ ဆက်ရှိနေဖို့ အခွင့်အရေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ၎င်းက နောက်ထပ်တစ်နှစ်အပို အလိုရှိကြောင်း ဝန်ခံခဲ့ပါတယ်။
Photo : Daily Mail
ဝီလီယံဟာ ၂၀၁၃မှာ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ၇နှစ်ကြာ အောင်မြင်ခဲ့တာပါ။အဲ့ဒီ့ကာလအတွင်း ကလပ်အတွက် ပြိုင်ပွဲစုံ ပွဲ၃၀၀ကျော် ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၂ကြိမ်ရရှိခဲ့ပါတယ်။
ဧပြီ၄ရက်မှာ လိဂ်ကိုပြန်မစနိုင်ခဲ့ရင် လက်ရှိရာသီ ပြီးဆုံးအောင် မကျင်းပနိုင်ခင်မှာ ဝီလီယံရဲ့ စာချုပ်က သက်တမ်းကုန်သွားမှာ ဖြစ်ပေမယ့် သူကတော့ စာချုပ်အခြေအနေကို မကြည့်ပဲ သူ့ကိုလိုအပ်ရင် သစ္စာရှိရှိ ဆက်နေပေးဖို့ စိတ်အားထက်သန်နေတာပါ။
“ကျွန်တော့်စာချုပ်က ဇူလိုင်လလောက်မှာကုန်မယ်ထင်တယ်၊ အကယ်၍ နောက်ပိုင်းလတွေမှာ ဆက်ကစားရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အသင်းအပေါ် သစ္စာရှိရှိနဲ့ လိဂ်ပြီးဆုံးအတဲ့ထိ ကစားပေးဖို့ ပြဿနာမရှိပါဘူး၊ စာချုပ်မရှိတော့ရင်တောင်မှပေါ့၊ ဒါပေမယ့် အခြေအနေကမသေချာပါဘူး၊ ဘာဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့မသိဘူး၊ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်ဟာ စာချုပ်အခြေအနေကိုမကြည့်ပဲ ကလပ်အတွက် အကောင်းဆုံး ပေးဆပ်သွားမှာပါ”လို့ ဝီလီယံက ဆိုပါတယ်။
Photo: mirror
ချဲလ်ဆီးနဲ့ စာချုပ်သစ် သဘောတူညီမှုရဖို့ နီးစပ်မှုရှိခဲ့လားလို့ မေးမြန်းခဲ့ရာမှာတော့ ဝီလီယံက “ဘာမှ ပြောစရာ သတင်းသစ်တွေ မရှိပါဘူး၊ အထူးသဖြင့် ဖြစ်နေတာတွေအပြီးမှာ အရာအားလုံးရပ်တန့်ခဲ့ပါတယ်၊ ဒါပေမယ့် ဘာအကြောင်းကိုမှ သတင်းပေးစရာတွေ ရှိမနေပါဘူး”လို့ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။