ဟစ်ဟော့ဂီတ လောကထဲက အကျော်ကြားဆုံး ရက်ပ်ပါတွေ အကြောင်း ပြောမယ်ဆိုရင် အမေရိကန် ရက်ပ်ပါ Wiz Khalifa ကိုတော့ ချန်ထားခဲ့လို့ ရမှာ မဟုတ်ပါဘူး။ Wiz Khalifa ရဲ့ နာမည်အရင်း ကတော့ Cameron Jibril Thomas ဖြစ်ပြီး သူ့ကို ၁၉၈၇ ခုနှစ် စက်တင်ဘာ ၈ ရက် နေ့မှာ မွေးခဲ့ပါတယ်။ Wiz Khalifa ကိုတော့ တော်တော်များများက Snoop Dogg နဲ့ တွဲသိကြပြီး Snoop Dogg နဲ့အတူ အောင်မြင်တဲ့ သီချင်းပေါင်းများစွာကို အတွဲညီညီနဲ့ အတူတူ ဖန်တီးသီဆိုခဲ့ကြသလို Snoop လိုပဲ ချဉ်ပေါင်ရွက် ဘုရင်တစ်ပါးအဖြစ်လည်း သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။ အမြဲလိုလို ဆန်းသစ်တက်ကြွတဲ့ သီချင်း စာသားတွေ ၊ အမိုက်စား သီချင်းသံစဉ် တွေနဲ့အတူ အောင်မြင်တဲ့ စတူဒီယို အယ်လ်ဘမ်ပေါင်း များစွာကိုလည်း ထုတ်ဝေနိုင်ခဲ့ပြီး  ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အောင်မြင်ကျော်ကြားဆုံး ရက်ပ်အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဟစ်ဟော့ဂီတကို ကြိုက်နှစ်သက်တဲ့ ကွီး ပရိသတ်တွေအတွက် Wiz Khalifa ရဲ့ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး သီချင်း (၅) ပုဒ်ကို ဒီဆောင်းပါးလေးကနေ တင်ဆက်ပေးချင်ပါတယ်။

(၁) See You Again

Source : Wiz Khalifa

ဒီသီချင်းကတော့ Wiz Khalifa ရဲ့ အအောင်မြင်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး Charlie Puth နဲ့ အတူတူ တွဲဖက်သီဆိုထားတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ကထွက်ရှိခဲ့တဲ့ Furious 7 ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေးအဖြစ် ပါဝင်လာခဲ့ပြီး Fast & Furious ဇာတ်ကားတွေရဲ့ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Paul Walker ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖန်တီးသီဆိုခဲ့တာ ဖြစ်ပါတယ်။

(၂) We Own It

Source : Wiz Khalifa

We Own It သီချင်း ကလည်း ၂၀၁၃ မှာထွက်ခဲ့တဲ့ Fast & Furious 6 ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်တေး အဖြစ်ပါဝင်လာခဲ့တာဖြစ်ပြီး ft. အနေနဲ့ အမေရိကန် ရက်ပ်ပါ 2 Chainz က ပါဝင်သီဆို ပေးထားပါတယ်။

(၃) Young Wild and Free

Source : Wiz Khalifa

Young Wild and Free သီချင်းကတော့ လူငယ်တွေကြားမှာ တော်တော်လေးကို ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး Snoop Dogg ၊ Bruno Mars တို့နဲ့ အတူတူ တွဲဖက်သီဆို ထားပါတယ်။ ဒီသီချင်းဟာ၂၀၁၁ ခုနှစ် အောက်တိုဘာမှာ ထွက်ခဲ့ပြီး Wiz Khalifa နဲ့ Snoop Dogg တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Mac & Devin Go to High School ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ် အဖြစ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

(၄) This Plane

Source : Wiz Khalifa

This Plane သီချင်းကတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ Deal or No Deal အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၁၀ စုနှစ် တစ်ခုကို ကျော်လွန်လာခဲ့ပေမယ့် ဘယ်တော့မှ ဟောင်းမသွားပဲ ဒီနေ့အထိ လူကြိုက်များနေဆဲ Wiz ရဲ့  အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ် ဖြစ်ပါတယ်။

(၅) Medicated

Source : Wiz Khalifa

ဒီသီချင်းကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး Wiz ရဲ့ အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်အဖြစ် ပရိသတ်အားပေးမှု အမြောက်အများ ရရှိထားပါတယ်။ ဒီသီချင်းမှာတော့ အမေရိကန် ရက်ပ်ပါ Chevy Woods နဲ့ Juicy J တို့က အတူတူ ပါဝင် သီဆိုပေးထား ပါတယ်။

နောက်ထပ် Black and Yellow ၊ Work Hard Play Hard ၊ Roll Up ၊ We Dem Boyz နဲ့ The Thrill တို့လို သီချင်းတွေကလည်း Wiz ရဲ့ တကယ်ကို လူကြိုက် အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းကောင်းတွေ အဖြစ် ပရိသတ်တွေ ရင်ထဲမှာ နေရာယူထားပါတယ်။ ကွီးတို့ ရော Wiz ရဲ့ ထွက်ခဲ့သမျှ သီချင်းများစွာထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံး ဖြစ်မလဲ။

Featured Photo : The Guardian