ဒဏ်ရာပြဿနာကြောင့် လိဂ်ပွဲစဉ်တွေနဲ့ လွဲချော်နေရတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကတော့ ဒဏ်ရာကသက်သာပြီး ပထမဆုံးကွင်းထဲပြန်ရောက်လာခဲ့တဲ့ ဝုဖ်ဘတ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် နောက်ဆုံးပိတ်ဂိုးကို သွင်းယူကာ ၃-၁ ဂိုးရလဒ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။

Photo : Allgäuer Zeitung
အသက် ၂၁ နှစ်အရွယ် နော်ဝေကြယ်ပွင့်ကစားသမား ဟာလန်းဟာ တင်ပါးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းခြေစွမ်းမပါဝင်ခဲ့တဲ့ ပွဲစဉ်တွေမှာ အတော်လေးရုန်းကန်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပို့တင်းလစ္စဘွန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃-၁ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒဏ်ရာကြောင့် လာမယ့် ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိနေပေမယ့် အံ့ဩစရာကောင်းလောက်အောင်ပဲ ဒဏ်ရာအမြန်ဆုံးသက်သာလာခဲ့အတွက် ဒေါ့မွန်အသင်းကတော့ ရုန်းကန်မှုတွေကနေ ပြန်ဦးမော့လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းအတွက် သွင်းဂိုးတွေများစွာ စွမ်းဆောင်ပေးခဲ့တဲ့ ဟာလန်းအနေနဲ့ ဒဏ်ရာကသက်သာလာပြီး ကွင်းထဲပြန်ရောက်တာနဲ့ ၎င်းရဲ့ ဂိုးသွင်းဘုရင် ရာထူးကိုဆက်လက်ခံယူခဲ့တာ ဖြစ်ပါတယ်။
မနေ့က စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဖ်ဘတ်နဲ့ပွဲစဉ်မှာ ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်မှ မာလန်းအစား လူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပြီး ကွင်းထဲရောက်ပြီး ၇ မိနစ်အကြာမှာပဲ ဒေါ့မွန်အသင်းအတွက် ၃ ဂိုးမြောက် ပွဲသိမ်းသွင်းဂိုးကို ပိုင်ပိုင်နိုင်နိုင် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် ဘွန်ဒက်လီဂါပွဲပေါင်း ၅၀ မှာ သွင်းဂိုးပေါင်း ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျောက် အမြန်ဆုံးဂိုး ၅၀ ပြည့်မြောက်တဲ့ကစားသမား အဖြစ်သာမက အသက်အငယ်ဆုံးနဲ့ သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo : BeSoccer
ဒါ့အပြင် ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ယခုနှစ်ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါသွင်းဂိုး ၁၀ ဂိုး ၊ ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုး နဲ့ ပြိုင်ပွဲစုံစုစုပေါင်း သွင်းဂိုး ၁၄ ဂိုးအထိစွမ်းဆောင်ပေးထားနိုင်တဲ့ အထူးချွန်ဆုံးလူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
Featured Photo : Daily Mail
