Work From Home လုပ်နေရတဲ့ ကွီး တို့အတွက် ကောင်းကျိုးကတော့ အချိန်ကို မိမိစိတ်ကြိုက် စီမံနိုင်ခြင်းဖြစ်ပြီး သူနဲ့ ဒွန်တွဲနေတဲ့ ဆိုးကျိုးကတော့ ကိုယ်ပိုင်အချိန်ပျောက်ဆုံးနေသလို ခံစားရခြင်းပဲဖြစ်ပါတယ်။
ရုံးသွားတက်ပြီး အလုပ်လုပ်စဉ်ကတော့ အိမ်ကို ပြန်ရောက်တဲ့အခါ မိမိအိမ်မှာ စိတ်လွတ်လက်လွတ်အနားယူနိုင်ပေမယ့် အခုလို Work From Home လုပ်နေရတဲ့အခါ ကွီး တို့သည် အလုပ်ချိန်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ဘဲ အချိန်အကန့်အသတ်မရှိ လုပ်နေရသလိုဖြစ်တတ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Work From Home လုပ်နေရတဲ့ ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို ဘယ်လို Productive ဖြစ်အောင် ပြုလုပ်ရမလဲ။ ကိုယ့်ရဲ့အချိန်ကို စနစ်တကျဘယ်လို စီမံခန့်ခွဲရမလဲဆိုတဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။
မနက်စောစော ရေမိုးချိုးကာ အဝတ်အစားလဲပါ
ဒီလိုမျိုး မနက်စောစောထကာ ရေချိုးခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း အရေးကြီးသလို ကိုယ့်ရဲ့တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ညဝတ်အင်္ကျီပဲ ဝတ်မထားဘဲ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်ပြီး စမတ်ကျစေမယ့် အဝတ်အစားမျိုး ဝတ်ထားလိုက်ပါ။ ဒါမှ ရုံးမှာ အလုပ်လုပ်နေရသလို စမတ်ကျကျ အလုပ်လုပ်နေတဲ့ခံစားချက်မျိုး ရရှိမှာဖြစ်ပါတယ်။
အိပ်ရာခင်းများ၊ စောင်များကို သေသေချာချာပြန်သိမ်းပါ
အိပ်ရာခင်းများကို မသိမ်းဘဲ ညကအတိုင်း ထားထားမယ်ဆိုရင် နေ့လည်ဘက်မှာ တရေးပြန်အိမ်နိုင်ခြေ များပါတယ်။ ဒါ့ကြောင့် တစ်နေ့တာအလုပ်များ မပြီးသေးတဲ့အချိန်အထိ အိပ်ရာသို့ မသွားနိုင်ဖို့ရန်အတွက် အိပ်ရာခင်းများ၊ စောင်များကို သေချာခေါက်သိမ်းထားပါ။
တစ်ပတ်စာအချိန်ဇယားများကို သေသေချာချာဆွဲထားပြီး ထိုအချိန်ဇယားအတိုင်း လိုက်နာပါ
ကိုယ့်ရဲ့တစ်နေ့တာအလုပ်သည် ဘယ်အချိန်မှာ စရမလဲ၊ ဘယ်အချိန်မှာ ဆုံးရမလဲ သေချာသတ်မှတ်ထားပါ။ အရင်က ရုံးမှာလုပ်သလိုပဲ ရုံးတက်ချိန်၊ ရုံးဆင်းချိန်ကို သေချာသတ်မှတ်ထားသလိုပဲ သင့်ရဲ့ တစ်ပတ်တာအချိန်ဇယားကိုလည်း သေချာသတ်မှတ်ထားလိုက်ပါ။ ဒါဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်း အလုပ်ပြီးအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့အလုပ်စားပွဲ၊ အလုပ်ခန်းကို သေသေချာချာပြင်ဆင်ပါ
ကိုယ့်ရဲ့အလုပ်စားပွဲသည် ကိုယ်က သေသေချာချာအာရုံစူးစိုက်ကာ အလုပ်လုပ်နိုင်မယ့် စားပွဲမျိုးဖြစ်ရပါမယ်။ ရှုပ်ပွနေတဲ့စားပွဲကို စိတ်ရှုပ်စေတာကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲတစ်ဝိုက်ကို သန့်ရှင်းသပ်ရပ်နေအောင် ထားရမှာဖြစ်ပါတယ်။
သွားရေစာများ ခဏခဏစားခြင်းကို ရှောင်ကြဉ်ပါ
မီးဖိုချောင်သို့ မကြာခဏ ဝင်ထွက်သွားလာနေခြင်း၊ သွားရေစာများကို မကြာခဏ စားသုံးနေခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ် သတ်မှတ်ထားတဲ့အချိန်မှာ အလုပ်ပြီးမြောက်ချင်တယ်ဆိုရင်တော့ ထိုအသေးအဖွဲ့လေးကအစ ဂရုစိုက်ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် အာရုံပျံ့သွားပြီး အလုပ်ထဲ အာရုံပြန်စိုက်နိုင်မှာမဟုတ်တော့ပါဘူး။
နေ့လည်ဘက်မှာ ခဏတဖြုတ်အနားယူပါ
နေ့လည်ဘက် ထမင်းစားပြီးတဲ့အခါ လေကောင်းလေသန့်လေး ထွက်ရှူပါ။ ဟိုနား ဒီနား စိတ်အပန်းပြေအောင် သွားလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ခေါင်းကြည်စေမှာဖြစ်ပြီး အလုပ်ပြန်လုပ်တဲ့အခါ သေချာအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
အလုပ်လုပ်နေစဉ်မှာ တီဗွီပိတ်ထားပါ
တီဗွီရှေ့မှာ ထိုင်ပြီး တီဗွီကြည့်ရင်း အလုပ်လုပ်ခြင်းသည် သင့်ရဲ့အလုပ်အပေါ် အာရုံစူးစိုက်နိုင်စွမ်းကျဆင်းစေပါတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း တစ်စုံတစ်ရာ အမှားအယွင်းပါသွားနိုင်ပြီး သတ်မှတ်ချိန်အတွင်း အလုပ်မပြီးတဲ့အခါ စိတ်ရှုပ်လာတတ်ပါတယ်။ ဒါ့ကြောင့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။
ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ
အလုပ်အပေါ်မှာ အာရုံစူးစိုက်ရမယ်ဆိုပေမယ့် တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝစွာ နေထိုင်ဖို့လည်း လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ တစ်နေ့လျှင် ရေ ၂ လီတာခန့် သောက်သုံးရမှာဖြစ်တာကြောင့် ကိုယ့်မျက်စိရှေ့မှာ ရေဘူးနှစ်ဘူး အသင့်ချထားပါ။ ဒါဆိုရင် ရေသောက်ဖို့ မေ့တော့မှာမဟုတ်ပါဘူး။
ရေသောက်ခြင်း၊ အပေါ့အပါးသွားခြင်းတို့သည်လည်း ကျန်းမာရေးအတွက် အင်မတန်အရေးကြီးတဲ့အတွက်ကြောင့် လျစ်လျူရှုထားလို့မရပါဘူး။
Source: Redbookmag
Featured Image Source: Redbookmag