ပါရီ (ပဲရစ်)မြို့သည် ဖက်ရှင်ချစ်သူများအတွက်သာမက အနုပညာကို ချစ်မြတ်နိုးတဲ့ ကွီးတွေအတွက်လည်း ခမ်းနားလှပတဲ့ ရတနာသိုက်တစ်ခုပဲဖြစ်ပါတယ်။ ပါရီမြို့တွင် ကြီးကျယ်ခမ်းနားတဲ့ Musee d’Orsay ပြတိုက်လည်း တည်ရှိသလို ကမ္ဘာ့အကြီးဆုံး ပြတိုက်တစ်ခုဖြစ်တဲ့ Louvre ပြတိုက်လည်း တည်ရှိပါတယ်။
ကွီးတို့အနေနဲ့ ပါရီ(ပဲရစ်)မြို့သို့ အလည်သွားတဲ့အခါ ထိုပြတိုက်များသို့လည်း မမေ့မလျော့သွားရောက်လည်ပတ်သင့်ပါတယ်။
ထိုပြတိုက်များထဲတွင်သာ မြင်တွေ့ရနိုင်တဲ့ နာမည်ကြီးပန်းချီကားချပ်များကလည်း သင့်ရဲ့စိတ်နှလုံးကို အတွေးပေါင်းများစွာ ပေးစွမ်းနိုင်သည်အထိ အနုပညာလက်ရောက်မြောက်လွန်းလှပါတယ်။
ဘယ်လိုနာမည်ကြီး ပန်းချီကားချပ်တွေလည်းဆိုတော့ …
Mona Lisa

ဒီပန်းချီကားကို ပန်းချီဆရာကြီး Leonardo Da Vinci က ၁၅၀၃ ခုနှစ်နှင့် ၁၅၁၇ ခုနှစ်ကြားတွင် ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ကနဦးတုန်းကတော့ Francesco Del Giocondo ရဲ့ အမျိုးသမီးဖြစ်သူ Lisa Gherardini ရဲ့ပုံတူကို ရေးဆွဲတာဖြစ်ပါတယ်။
ဒီပန်းချီကားချပ်သည် ပန်းချီကားချပ်ထဲက အမျိုးသမီးရဲ့ လျှို့ဝှက်နက်နဲတဲ့ အပြုံးကြောင့် နာမည်ကြီးလာခဲ့ခြင်းဖြစ်ပါတယ်။ ထိုပန်းချီကားချပ်ထဲက အမျိုးသမီးဆီမှာ မျက်ခုံးမွှေးမပါတာကလည်း ထူးဆန်းပါတယ်။
Louvre ပြတိုက်ဆီသို့ ၁၇၉၇ ခုနှစ်က ရောက်ရှိခဲ့တာဖြစ်ပြီး ထိုပန်းချီကားချပ်ကြောင့် ကမ္ဘာလှည့်ခရီးသွားအများအပြားသည် ထိုပြတိုက်ဆီသို့ သွားရောက်လေ့လာကြတာဖြစ်ပါတယ်။
Liberty Leading The People

Louvre ပြတိုက်ထဲမှာ နောက်ထပ်ကြည့်ရှုလေ့လာသင့်တဲ့ ပန်းချီကားချပ်ကတော့ Liberty Leading The People ပဲဖြစ်ပါတယ်။ ဒီပန်းချီကားကိုတော့ ပန်းချီဆရာကြီး Eugene Delacroix က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းချီကားချပ်ထဲမှာဆိုရင် ပြင်သစ်လူမျိုးတို့ရဲ့အမှောင်ခေတ်နှင့် တော်လှန်ရေးကာလကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။
Still Life With Lobster

ဒီပန်းချီကားကိုလည်း Eugene Delacroix ကပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၁၈၂၇ ခုနှစ်တုန်းက ရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားချပ်ထဲမှာတော့ သေဆုံးခြင်း၊ ရှင်သန်ခြင်း၊ လောဘရမ္မက် စတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
The Coronation

နန်းတက်ပွဲလို့ အမည်ရတဲ့ ဒီပန်းချီကားကတော့ ပန်းချီဆရာ Jacques-Louis David ရဲ့ ပန်းချီကားချပ်ပဲဖြစ်ပါတယ်။ ဒီပန်းချီကားကိုတော့ ၁၈၀၇ ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပြီး တော်ဝင်ထီးနန်းလွှဲပြောင်းခြင်းပွဲကို မျက်ဝါးထင်ထင်မြင်တွေ့ရသည့်အလား အသက်ဝင်စွာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
Self-Portrait

ဒီပန်းချီကားချပ်ကိုတော့ Musee d’Orsay ပြတိုက်မှာ မြင်တွေ့နိုင်ပါတယ်။ သူ့ကိုတော့ ပန်းချီဆရာကြီး Van Gogh က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ပန်းချီဆရာကြီးသည် သူ့ပုံတူကို သူကိုယ်တိုင်ရေးဆွဲခဲ့တာပါ။ ပန်းချီစုတ်ချက်များကလည်း အခြားသောစုတ်ချက်များနဲ့ မတူ ကွဲပြားခြားနားပြီး သူ့ရဲ့မျက်လုံးများကလည်း အသက်ဝင်တာကို တွေ့မြင်ရမှာပါ။
The Church

Van Gogh ရဲ့ Self-Portrait ကို ထည့်သွင်းထားပြီး The Church ပန်းချီကားကို မထည့်ထားဘူးဆိုရင်တော့ တရားရာမကျတဲ့အတွက်ကြောင့် ဒီပန်းချီကားလေးကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီပန်းချီကားသည်လည်း Van Gogh ရဲ့ အနုပညာမြောက်လက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဒီဘုရားကျောင်းသည် ပါရီမြို့ရဲ့အနောက်မြောက်စူးစူးမှာ တည်ရှိတဲ့ ပန်းချီကားလေးဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဘုရားကျောင်းကြီးတောင်မှာ Van Gogh ရဲ့ စုတ်ချက်များကြောင့် အသက်ဝင်နေတာကိုတွေ့မြင်ရမှာပါ။
ကွီးတို့လည်း ဒီပန်းချီကားတွေကို အပြင်မှာ မျက်ဝါးထင်ထင်မြင်တွေ့ချင်တဲ့စိတ်တွေ ပေါ်လာကြလိမ့်မယ်လို့ ထင်မိပါတယ်။
Source: Theculturetrip.com
Featured Image: Paris
