ကားလောကမှာ Hypercar ဆိုတာ ဒီဇိုင်းဆွဲဆောင်မှုမြင့်မားပြီး စွမ်းဆောင်ရည်အားကောင်းလွန်းတဲ့ Luxury Sports ကားတွေကို ပြောတာပါ။ Luxury ဖြစ်တဲ့အတိုင်း ဈေးကလည်း မယုံနိုင်အောင် ကြီးမြင့်တတ်ပါတယ်။ Hypercars ထုတ်လုပ်သူတွေဟာ တစ်နှစ်ထက် တစ်နှစ် ကောင်းသထက်ကောင်း ၊ ဆန်းသထက်ဆန်းတဲ့ ကားတွေ ထုတ်လုပ်ကြစမြဲပါ။ အခုပြောမယ့် Hypercars တွေကတော့ ခေတ်အဆက်ဆက်မှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

(၁) Aston Martin Valkyrie

Aston-Martin-Valkyrie

Photo: NextLuxury

တရားဝင်အမြန်ဆုံး Hypercar စာရင်းမှာ Aston Martin Valkyrie ကို ထိပ်ဆုံးက ဖော်ပြရပါတယ်။ ဒီ ကားကို Nebula နဲ့ Am-RB 001 ဆိုတဲ့ ကုဒ်နာမည်တွေနဲ့လည်း လူသိများပါတယ်။ ဒီနှစ် စက်တင်ဘာလထဲကစပြီး ထုတ်လုပ်သွားမှာပါ။ စုစုပေါင်းမှ အစီးရေ ၅၀ ပဲ ထုတ်သွားမှာ ဖြစ်ပြီး ထုတ်လုပ်မှုကိုတော့ ဗြိတိန်ကားကုမ္ပဏီ Aston Martin နဲ့ Red Bull Racing Advanced နည်းပညာကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။

Fully Hybrid Hyper ကားဖြစ်ပြီး အဆင့်မြင့် 6.5 လီတာ Aston Martin Cosworth အင်ဂျင် ၊ 7-speed Single clutch ပါ manual Ricardo စနစ် နဲ့လာပါတယ်။ သုံးစက္ကန့်အတွင်း ၀ မိုင်ကနေ မိုင် ၆၀ နှုန်း အရှိန်တင်နိုင်မှာပါ။ Top Speed တစ်နာရီမိုင် ၂၅၀ အထိ တင်နိုင်မယ့် Hyper ကားလည်း ဖြစ်ပါတယ်။ ကားဒီဇိုင်းအချိုး ဆန်းပြားမှုကလည်း သင့်ကို အံ့မခမ်းဖြစ်စေမှာပါ။

(၂) Ferrari SF90 Stradale

Ferrari-SF90-Stradale

Photo: NextLuxury

ကမ္ဘာ့အကောင်းဆုံး Hypercars ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Ferrari ကနေ ထုတ်တဲ့ ကုမ္ပဏီရဲ့ပထမဆုံး Hybrid Electric ကားဖြစ်ပါတယ်။ အသံငြိမ်တဲ့ ပထမဆုံး Ferrari မော်ဒယ်လည်း ဖြစ်ပါတယ်။ အမောင်းသင်စနစ် ၊ အဆင့်မြင့် Performance features ၊ လေးစားလောက်တဲ့ အရှိန်မြှင့်မောင်းနှင်နိုင်စွမ်းတွေကို ထည့်ပေးထားပါတယ်။ Hybrid Technologies တွေနဲ့ လာတဲ့ ကားဖြစ်သလို ထုတ်ခဲ့တဲ့ Ferrari တွေထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးလို့လည်း ဆိုပါတယ်။

တာဘိုနှစ်လုံးတပ် ၄.၀ လီတာ V8 အင်ဂျင် ၊ လျှပ်စစ်မော်တာ သုံးလုံးနဲ့ မြင်းကောင်ရေ ၉၈၆ ကောင်အား ထုတ်နိုင်မှာပါ။ ၂.၅ စက္ကန့်အတွင်း ၆၂ မိုင်နှုန်း အရှိန်တင်နိုင်ပြီး Top Speed က တစ်နာရီ ၂၁၁ မိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

(၃) McLaren Speedtail

McLaren-Speedtail

Photo: NextLuxury

ကမ္ဘာ့ပထမဆုံး Hyer-GT ကားဖြစ်ပြီး Mclaren တွေထဲမှာ အမြန်ဆုံးကားလို့လည်း သတ်မှတ်ထားပါတယ်။ Luxury Hypercars ဖြစ်ပြီး လှပတဲ့ကိုယ်ထည်ချိုးနဲ့ အစင်းရေ ၁၀၆ စင်းပဲ အကန့်အသတ်နဲ့ ထုတ်ထားတာပါ။ McLaren Speedtail ဟာ တံခါးနှစ်ပေါက်တပ် ကိုယ်ထည် ၊ Hybrid Powertrain နဲ့ လာပြီး မြင်းကောင်ရေ ၁၀၃၅ အား ရှိပါတယ်။ ခေတ်သစ် features တွေ အပြည့်နဲ့လာတဲ့ Hypercar ဖြစ်ပါတယ်။

တံခါးတွေမှာ HD ဒစ်ဂျစ်တယ်ကင်မရာတွေ ပါပြီး ဒီကင်မရာတွေက ဘေးကြည့်မှန်လိုလည်း သုံးနိုင်မှာပါ။ အတွင်းခန်းမှာ အပေါ့စား အန်နီလိုင်းနဲ့ ဆီမီးအန်နီလိုင်းလယ်သာတွေနဲ့ အလှဆင်ထားပါတယ်။ စွမ်းဆောင်ရည်အနေနဲ့ ၄.၀ လီတာတာဘိုနှစ်လုံးတပ် V8 Engine နဲ့ လာပြီး လျှပ်စစ်မော်တာတစ်လုံးလည်း ပါရှိပါတယ်။ ဒီအင်ဂျင်ကြောင့်ရပ်နေရာကနေ ၁၂.၈ စက္ကန့်အတွင်း တစ်နာရီ ၁၈၆ မိုင်နှုန်း ပြေးနိုင်မယ်လို့ ဆိုပါတယ်။

(၄) Bugatti Chiron

Bugatti-Chiron

Photo: NextLuxury

အခန့်ညား ၊ အသားနားဆုံး Hypercar တွေထဲမှာ Bugatti Chiron လည်း ပါဝင်ပါတယ်။ Chiron မော်ဒယ်တွေဟာ Bugatti တွေထဲမှာ အမြန်ဆုံး ၊ စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ အကွဲပြားအခြားနားဆုံး Hypercars တွေလည်း ဖြ်စပါတယ်။ ဒီမော်ဒယ်တွေမှာ ယာဉ်မောင်းတွေကို သုံးဖက်မြင်အတွေ့အကြုံပေးနိုင်မယ့် SkyView Option လည်း ထည့်ပေးထားပါတယ်။

Chiron မော်ဒယ်တွေရဲံ အင်ဂျင်မှာ တစ်မိနစ်ကို ရေလီတာ ၈၀၀ နှုန်း လည်ပတ်နေလို့ အင်ဂျင်အပူလွန်ကဲမှု မဖြစ်စေသလို အင်ဂျင်အားလည်း ပိုကောင်းစေမှာပါ။ တိုက်တေနီယံအိတ်ဇောသစ်ကလည်း စွမ်းဆောင်ရည်ပိုကောင်းစေပြီး BackPressure ကို လျှော့ချပေးနိုင်မှာပါ။ အင်ဂျင်အားကိုတော့ ၈ လီတာ တာဘို W16 အင်ဂျင်သုံးထားပြီး ဧရာမ ၁၅၀၀ HP နဲ့လာလို့ တစ်မိနစ် တစ်ပတ်လည်နှုန်းဟာ အပတ်ရေ ၂၀၀၀ ကနေ ၆၀၀၀ ကြားအထိ ရောက်ပါတယ်။ Top Speed ၂၆၁ မိုင်နှုန်းဖြစ်ပြီး ၂.၃ စက္ကန့်အတွင်း မိုင် ၆၀ နှုန်း အရှိန်တင်နိုင်မှာပါ။

(၅) Porsche 918 Spyder

Porsche-918-Spyder

Photo: NextLuxury

Porsche က ထုတ်တဲ့ Porsche 918 Spyder ကလည်း စုစုပေါင်းမှ ၉၁၈ စင်းပဲ ထုတ်တဲ့ Limited မော်ဒယ်ဖြစ်ပါတယ်။ နှစ်ယောက်ထိုင် Roadster Fram နဲ့လာပြီး အကုန်လုံးလိုလိုကို ကာဗွန်ဖိုက်ဘာနဲ့ ထုတ်ထားတာပါ။ Porsche 918 Spyder ဟာ ၄.၆ လီတာ V8 ပြိုင်ကားအင်ဂျင်နဲ့လာပြီး မြင်းကောင်ရေအား ၈၇၅ ကောင်အား ရှိပါတယ်။ အီလက်ထရစ်မော်တာ နှစ်လုံးလည်း ပါရှိပါတယ်။ တခြား Hybrid Hypercars တွေနဲ့ မတူတာက ဒီမော်ဒယ်မှာ 6.8Wh ဘက်ထရီနဲ့လာပါတယ်။ ဒီဘက်ထရီနဲ့ဆို ၁၂ မိုင်သွားနိုင်မှာပါ။ Porsche 918 Spyder ဟာ လျှပ်စစ်ဓါတ်အားချည်းနဲ့ဆို ၆ စက္ကန့်အတွင်း ၆၂ မိုင်နှုန်း သွားနိုင်မယ်လို့လည်း ဆိုပါတယ်။

Featured Photo: NextLuxury