ချမ်းသာကြွယ်ဝမှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလျံနာဟာ အခုမှ အသက် ၁၉ နှစ်ပဲ ရှိသေးပေမယ့် ဒေါ်လာ ၃.၃ ဘီလျံအထိတောင် ချမ်းသာပါတယ်။သူ့လိုပဲ အရွယ်က ချမ်းသာမှုကို အဆုံးအဖြတ်မပေးနိုင်ကြောင်း သက်သေပြနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ၂၀၂၁ ခုနှစ်အတွက် အသက် ၃၀ အောက် ကမ္ဘာ့အချမ်းသာဆုံး လူငယ်ဘီလျံနာတို့အကြောင်းကို ဗဟုသုတအနေနဲ့ အားကျအတုယူဖွယ် မျှဝေလိုက်ပါတယ်။
(၁) ကက်ဗင် ဒေးဗစ် လေးမန်း
Photo: indiatimes
အသက် ၁၈ နှစ်အရွယ် ဂျာမန်ဆေးဆိုင်လုပ်ငန်းစု Drogerie Markt ပိုင်ရှင် ဂူအန်သာလေးမန်းရဲ့ သား ကက်ဗင်ဟာ အသက် ၁၄ နှစ်မှာ ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဝက်ကို အမွေရခဲ့ပါတယ်။ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် အုပ်ထိန်းသူနဲ့ပဲ အမွေဆက်ခံခဲ့ရာကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၁၈ နှစ် ပြည့်တာကြောင့် ရှယ်ယာတွေ အမွေဆက်ခံခွင့်ရခဲ့တာပါ။ ၂၀၂၁ ဧပြီမှာ သူဟာ တရားဝင်ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
(၂) ဝမ် ဇီလောင်
Photo: indiatimes
တရုတ်နိုင်ငံသား ဝမ်ဇီလောင်ဟာ အသက် ၂၄ နှစ်အရွယ်ပဲ ရှိသေးပေမယ့် အသားတင် ဒေါ်လာ ၁.၅ ဘီလျံကျော် ချမ်းသာပါတယ်။ ချည်ဆိုးဆေး ထုတ်လုပ်မှုကနေ ချမ်းသာတာဖြစ်ပါတယ်။ တိုက်တေနီယံဒိုင်အောက်ဆိုက်ထုတ်တဲ့ CNNC Hua Yuan Titanium Dioxide နဲ့ Lomon Billions Group လုပ်ငန်းနှစ်ခုကနေ ရှယ်ယာတွေကြောင့် အခုလောက် ချမ်းသာလာတာပါ။
(၃) အော်စတင် ရပ်ဆဲလ်
Photo: indiatimes
ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာလာတဲ့ နည်းပညာလုပ်ငန်းရှင်တစ်ဦးက အော်စတင် ရပ်ဆဲလ်ဖြစ်ပါတယ်။ မောင်းသူမဲ့ယာဉ်ပိုင်း အာရုံခံစနစ်နဲ့ ဆော့ဖ်ဝဲလ်တွေ ဖန်တီးတဲ့ Luminar ကို တည်ထောင်သူနဲ့ CEO ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်မှာ ဒေါ်လာ ၂.၄ ဘီလျံ ကြွယ်ဝလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်ပြီး ထူးချွန်တဲ့ အိုင်တီပညာရှင်လည်း ဖြစ်ပါတယ်။
(၄) ဂူးစတက်ဗ် မဂ္ဂနာ ဝစ်ဇိုး
Photo: indiatimes
နော်ဝေးဘီလျံနာ ဂူးစတက်ဗ် မဂ္ဂနာဝစ်ဇိုးဟာ ဆယ်လ်မွန်ငါးဖမ်းကုမ္ပဏီ Salmar ASA ရဲ့ အဓိကရှယ်ယာရှင် ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒီငါးလုပ်ငန်းရှင်ဟာ အသားတင် ဒေါ်လာ ၄.၄ ဘီလျံ ကြွယ်ဝချမ်းသာသူလည်း ဖြစ်ပါတယ်။
(၅) ဆမ် ဘန့်ခ်မန်း ဖရိုင်းဒ်
Photo: indiatimes
၂၀၂၁ ခုနှစ်အတွက် အသက် ၃၀ အောက် အချမ်းသာဆုံး လူငယ်ဘီလျံနာ ဖရိုင်းဒ်ဟာ FTX လို့ခေါ်တဲ့ Cryptocurrency ဝယ်/ရောင်းပလက်ဖောင်းထောင်ပြီး ချမ်းသာလာခဲ့တာပါ။ ဒီဘက်နှစ်တွေမှာ Bitcoin တို့လိုမျိုး Cryptocurrency ဈေးကွက်ဟာ အိပ်မက်မမက်ရဲလောက်အောင် ကြီးထွားလာခဲ့ပြီးနောက်မှာ ဖရိုင်းဒ် ထောင်ထားတဲ့ FTX ဟာ ဒေါ်လာ ၂၅ ဘီလျံကျော် တန်တဲ့ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange လုပ်ငန်းထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဖရိုင်းဒ်လည်း Crypto Trading လုပ်ငန်းနဲ့ ဒေါ်လာ ၈.၇ ဘီလျံအထိ ချမ်းသာလာခဲ့ပါတယ်။
Featured Photo: Adressa