ရီရဲမက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ကို ယူရိုသန်း ၁၃၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း ဘယ်ဂျီယံကြယ်ပွင့်ကစားသမားရဲ့ အပြောင်းအရွေ့ကို တရားဝင်ကြေငြာဖွယ်ရှိနေပါတယ်။ အဆိုပါ ကစားသမားဟာ ရီရဲအသင်းရဲ့ ကာလရှည်ကြာပစ်မှတ်ထားခံရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ရီရဲအသင်းဟာ ကနဦး ပြောင်းရွေ့ကြေးအနေနဲ့ ယူရို ၈၈သန်း သာ ကမ်းလှမ်းခဲ့ပေမယ့် အပိုဆုကြေးနဲ့ လက်မှတ်ထိုးကြေး အပါအဝင် ယူရိုသန်း ၁၃၀ အထိ တန်ကြေးမြင့်သွားဖွယ်ရှိပါတယ်။

ဟာဇက်ဟာ ချဲဆီးအသင်းမှာ ၇နှစ် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ ယူရိုပါလိဂ်ဖလားနှစ်လုံး၊ အက်ဖ်အေဖလားတလုံးနဲ့ လိဂ်ဖလားတလုံး ရရှိခဲ့ပါတယ်။

Source: Premier League

ပြီးခဲ့တဲ့ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲ အပြီးမှာ ဟာဇက်က သူရဲ့ ချဲလ်ဆီးကစားသမားဘဝ အဆုံးသက်နိုင်တယ်လို့ ဝန်ခံပြောကြားပြီးနောက်ပိုင်း အခုလို အပြောင်းအရွေ့ သတင်း ထွက်ပေါ်လာတာပါ။ အဆိုပါ ဗိုလ်လုပွဲမှာ ဟာဇက်က အနိုင်သေချာစေတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖီဖာရဲ့ ကစားသမားဝယ်ယူမူ စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် အသင်းရဲ့ ကစားသမားဝယ်ယူမူ (၂) နှစ် ပိတ်ပင်ခံလိုက်ရခြင်းဖြင့် အရေးယူခံထားရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ချဲလ်ဆီးအသင်းဟာ အသက် (၁၈) နှစ်အောက် ကစားသမားတွေကို ခေါ်ယူရာမှာ မလျော်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ယင်းပြစ်ဒဏ်ကို ချမှတ်ထားခဲ့တာပါ။

Source: Chelsea News

ချဲလ်ဆီးအသင်းဟာ ယခုနှစ်မှာ ကစားသမားဝယ်ယူချင်ပါက ရီးရဲလ်အသင်းကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ကိုဗာဆစ်ကို အပြီးသတ် ၀ယ်ယူ စာချုပ်ချုပ်ဆိုနိုင်ပြီး အခြားကစားသမားသစ်ကိုတော့ ခေါ်ယူခွင့်မရရှိပါဘူး။ ဒါ့အပြင် အသင်းကနေ အငှားချထားတဲ့ ကစားသမားတွေကိုတော့ ပြန်ခေါ်နိုင်ပြီး ဇူးမား၊ ဘာကာယိုကို၊ ဘတ်ရှုယာအီ၊ အေဗရာဟမ် စတဲ့ကစားသမားတွေကို ချဲလ်ဆီးအသင်း ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။

ဒါကြောင့်ဟာဇက်ကို ထွက်ခွာခွင့် ပေးလိုက်တာဟာ ချဲလ်ဆီးအသင်းအတွက် လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ ထိုးနှက်ချက်တခု ဖြစ်လာဖွယ်ရှိနေပါတယ်။