ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက် ဝါရင့်တိုက်စစ်မှူး ကာဗာနီကို လာမယ့် ဇန်နဝါရီလမှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Edinson Cavani

Photo: New York Folk

ဘာစီလိုနာအသင်းက လာမယ့် ဇန်နဝါရီလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ အဓိက ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ ကတ်တလန်ထိပ်သီးအသင်းကြီးရဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ဟာ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်မဝင်စားဘဲ လူငယ်ကစားသမားတွေကိုသာ ခေါ်ယူချင်တာကြောင့် ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူမယ့်ကိစ္စကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့တယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ တိုက်စစ်မှာ ကြီးမားတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မန်စီးတီး တိုက်စစ်မှူး အဂွေရိုဟာလည်း နှလုံးပြဿနာကြောင့် စောစောစီးစီး ကစားသမားဘဝကနေ အနားယူရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အန်ဆူ ဖာတီနဲ့ မာတင် ဘရိတ်သ်ဝိတ်တို့ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ဒတ်ချ်တိုက်စစ်မှူး မန်းဖစ် ဒီပိုင်းကို အလွန်အမင်း အားထားနေခဲ့ရတာ ဖြစ်ပါတယ်။

Xavi Hernandez

Photo: Skysport

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့အတွက် ကြီးမားတဲ့ လစာပမာဏပေးချေနေရတဲ့ လီယွန်နယ် မက်ဆီ၊ ဂရစ်ဇ်မန်းတို့နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့နေရာအတွက် အစားထိုးခေါ်ယူမှုပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ယခုရာသီ ၁၃ ပွဲမှာ ၅ ပွဲသာအနိုင်ရရှိပြီး လာလီဂါအမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

Featured Photo: Sportskeeda