စမတ်ဖုန်းဝါသနာအိုးတွေဟာ ၂၀၂၁ ခုနှစ် စမတ်ဖုန်းဈေးကွက်အပိတ် ထုတ်ကုန်အနေနဲ့ Xiaomi ရဲ့ Flagship ဖုန်းသစ်တွေ မြင်ခဲ့ကြပါပြီ။ iPhone 13 စီးရီးနဲ့ စင်ပေါ် တည့်ချင်း ယှဉ်ပြီး ကြေညာသွားတဲ့ Xiaomi ရဲ့ သူ့ထုတ်ကုန်သူ ယုံကြည်ဂုဏ်ယူမှုကလည်း လေးစားစရာပါပဲ။ တကယ်လည်း Xiaomi 12 စီးရီးတွေဟာ အပြောင်းအလဲနဲ့ ဆန်းသစ်မှုတွေ သယ်ဆောင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းမှာ Xiaomi ဟာ အရင် Mi Brand ဖြုတ်လာတဲ့ Xiaomi 12 စီးရီးသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Xiaomi 12X ၊ Xiaomi 12 နဲ့ Xiaomi 12 Pro တို့ ဖြစ်ပါတယ်။ Xiaomi 12 စီးရီးသစ်တွေဟာ ကင်မရာ နဲ့ အားသွင်းမှုအတွေ့အကြုံပိုင်းမှာ သိသိသာသာကြီး အဆင့်မြင့်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းအရလည်း အပြောင်းအလဲသစ်တွေ ပါဝင်လာပါတယ်။

Xiaomi 12 Pro

Photo: xda-developers

11T Series လိုပဲ Punch-Hole ဒီဇိုင်းသုံးတာချင်းတူပေမယ့် Xiaomi 12 မော်ဒယ်တွေရဲ့ ကျောဘက်ကင်မရာထားတဲ့ ပုံစံနဲ့ ဒီဇိုင်းဟာ ရိုးရှင်းပြီး ပရီမီယံဆန်ဆန် ကွဲထွက်မှုရှိပါတယ်။ အရင် MI 11 စီးရီးတွေထက်လည်း ပိုဆွဲဆောင်မှု ရှိလာသလို ဟန်ချက်မျှမှုလည်း ဖော်ပြနိုင်ပါတယ်။ Flagship SoC ဆို ဦးဦးဖျားဖျား သုံးလေ့ရှိတဲ့ Xiaomi ဟာ Xiaomi 12 ရော Xiaomi 12 Pro မှာပါ Qualcomm ရဲ့ နောက်ဆုံးပေါ် High-End Processor သစ်ဖြစ်တဲ့ Snapdragon 8 Gen 1 နဲ့ X65 5G modem သုံးလာပါတယ်။

Performance ပိုင်းမှာ အရင်စီးရီးထက် အများကြီး သာသွားခဲ့တာလို့ ပြောရမှာပါ။ ဒီစီးရီးထဲမှာ Compact Flagship လို့ ပြောကြတာက Xiaomi 12 ဖြစ်ပါတယ်။ iPhone 13 နဲ့ Galaxy S21 တို့ထက် ပိုကိုယ်ထည်ကျဉ်းပြီး ကျစ်လျစ်ပေါ့ပါးမှုရှိတဲ့ ဒီဖုန်းဟာ Screen Size ၆.၂၈ လက်မ AMOLED Screen နဲ့လာပါတယ်။ နောက်ထပ် Screen Features တွေအနေနဲ့ ပါလာတာက 120Hz Refresh Rate ၊ 1100 Brightness Nits ၊ 12-Bit Color Support နဲ့ Gorilla Glass Victus အကြမ်းခံမှန်တို့ ဖြစ်ပါတယ်။

Xiaomi 12 Series

Photo: pocket-lint

Xiaomi 12 မှာ ပါတဲ့ Cooling စနစ်က အကြီးစားအအေးခံပြားမျိုး ဖြစ်ပြီး အလုပ်သိပ်လုပ်ရတဲ့ Snapdragon 8 Gen 1 ရဲ့ အပူတွေကပို ထိထိရောက်‌ရောက် စွန့်ထုတ်နိုင်ပါတယ်။ တခြား Features တွေအနေနဲ့ 4500mAh ဘက်ထရီ 67W wired ၊ 50W Wireless နဲ့ 10W Reverse Charging တို့ဆိုတာကလည်း အားရစရာ Features တွေလို့ ပြောရမှာပါ။ ကင်မရာပိုင်းမှာ OIS ပါ 50MP Sony IMX766 Sensor ၊ 13MP Ultrawide နဲ့ 5MP Tele-Macro Lens တို့ ပါရှိပါတယ်။

ဖုန်းရဲ့ ဆက်တိုက်ကင်မရာရိုက်ကူးမှု မြန်နှုန်းလည်း မြှင့်တင်ထားသလို Focus ဖမ်းတာနဲ့ ရိုက်မယ့်အရာဝတ္ထုကို ခြေရာခံတဲ့ CyberFocus Feature လည်း ပိုကောင်းအောင်လုပ်ထားပါတယ်။ ရှေ့ဘက် 32MP Selfie ကင်မရာကတော့ Pro မော်ဒယ်နဲ့ အတူတူပါပဲ။ Xiaomi 12 စီးရီးထဲမှာ ဈေးပိုသက်သာပြီး Xiaomi 12 ဆန်ဆန် Compact ဖြစ်တဲ့ မော်ဒယ်တစ်ခုက Xiaomi 12X ဖြစ်ပါတယ်။

Xiaomi 12X မှာလည်း Screen Size ၆.၂၈ လက်မနဲ့ လာပြီး 120HZ AMOLED Display သုံးပါတယ်။ 32MP Selfie ကင်မရာ ၊ 50MP Main Sensorနဲ့အတူ 67W Charging Support ပါ 4500mAh ဘက်ထရီတွေ ပါလာပါတယ်။ Processor တစ်ခုပဲ ဝိတ်လျှော့ထားတယ်လို့ ဆိုနိုင်ပါတယ်။ Xiaomi 12X မှာ Snapdragon 8 Gen 1 အစား Snapdragon 870 SoC နဲ့လာပါတယ်။

Pro ‌မော်ဒယ်မှာ ထူးခြားတာက 50MP သုံးလုံးတွဲကင်မရာ အကြမ်းစား သုံးသွားတာ ဖြစ်ပါတယ်။ Xiaomi 12 Pro ရဲ့ 50MP Sensor ဟာ Sony IMX707 Sensor ဖြစ်ပြီး ဒီဖုန်းမှာလည်း CyberFocus နည်းပညာ ပါဝင်ပါတယ်။ ကျန်တဲ့ ကင်မရာ ၂ လုံးက Ultrawide နဲ့ Telelens တို့ ဖြစ်ပါတယ်။ Display ပိုင်းမှာ အကြီးစား ၆.၇၃ လက်မ 1440p+ ရုပ်ထွက်ပါ AMOLED Display အမျိုးအစား သုံးထားပြီး Brightness Nits 1500 အထိ ပါရှိပါတယ်။

xiaomi-12-12-pro-hero

Photo: soyacincau

Screen Size အနေနဲ့ Xiaomi ဟာ Compact ဆိုဒ် Vanilla မော်ဒယ် နဲ့ အကြီးစားဆိုဒ် High-End မော်ဒယ် ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးကို ချပြလိုက်တာပါ။ ဒီအပြောင်းအလဲဟာ ၂၀၂၂ ခုနှစ် အန်းဒရိုက်ဖုန်းလောကပေါ် ကူးစက်မှုရှိနိုင်ပါတယ်။ Pro မော်ဒယ်ဟာ 4600 mAh ဘက်ထရီ ၊ 120W Fast Charging ၊ 50W Wireless Charging နဲ့ 10W Reverse Charging စနစ်တွေ သုံးလာပါတယ်။

Xiaomi 12 စီးရီး အကုန်လုံး လောလောဆယ် တရုတ်ဈေးကွက်ထဲပဲ ဝင်မှာပါ။ Xiaomi 12X ကို ဈေးနှုန်း ၃၁၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခန့်) ၊ Xiaomi 12 ကို ၃၆၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) နဲ့ Xiaomi 12 Pro ကို ၄၆၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်းကျော်) ဈေးတွေကနေ စတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ ဒီဈေးတွေက RAM 8GB/128GB Storage ဗားရှင်းအတွက်လည်း ဖြစ်ပါတယ်။

အန်းဒရိုက် Flagship ဖုန်းတွေအကြောင်း ပြောတဲ့အခါ Xiaomi ကို အမြင့်တစ်နေရာမှာ ထားပြောလာရသလို Xiaomi ရဲ့ ၂၀၂၁ ထုတ် Xiaomi 12 စီးရီးတွေဟာ ၂၀၂၂ ဖုန်းလောက အရွေ့တစ်ခုပါ ဦးဆောင်လာဖို့ ရှိပါတယ်။

Featured Photo: soyacincau