ဘယ်လောက်ထိလုံခြုံအောင် လုပ်ထားတဲ့ ထောင်ပဲဖြစ်ဖြစ် မရရအောင် ဖောက်ပြီးထွက်ပြေးနိုင်ခဲ့တဲ့ ထောင်ဖောက်ဝိဇ္ဇာ တစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူကတော့ ဂျပန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ယိုရှီ ရှီရာတိုရီ ပဲဖြစ်ပါတယ်။

ထောင်ဖောက်တဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်လွန်းတာကြောင့် သူ့ဘဝဇာတ်အကြောင်းကို ရုပ်ရှင်တောင် ရိုက်ကူးခဲ့ပါသေးတယ်။ ယိုရှီဟာ အစတုန်းက လူသတ်မှု၊ ဓားပြမှုတွေနဲ့ စီရင်ချက်ချမှတ်ခံရပြီး အိုမိုရီ အကျဉ်းထောင်ကို ပို့ခံခဲ့ရတာပါ။ ထောင်ကျပြီး (၃) နှစ်အကြာမှာ ဝါယာကြိုးလေးကို အသုံးပြုပြီး လက်ထိပ်ဖြုတ်ကာ ထွက်ပြေးခဲ့ပါတယ်။

ဒါပေမယ့် (၃) ရက်အကြာမှာတော့ သူ့ကိုပြန်ဖမ်းမိပြီး ထောက်ဖောက်ပေးမှု၊ ဆေးရုံမှ ပစ္စည်းခိုးမှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံခဲ့ရပြန်ပါတယ်။ (၁၉၄၂) ခုနှစ်အရောက်မှာ သူ့ကို အကီတာအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ အကီတာ အကျဉ်းထောင်ကနေ ပြောင်ချောနေတဲ့ အကျဉ်းခန်းနံရံကို မရရအောင် တွယ်တက်ပြီး လေဝင်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ ဒါပေမယ့် ရဲအရာရှိတစ်ယောက်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်နန်းစံခဲ့ရပြန်ပါတယ်။

ဒီတစ်ခါမှာတော့ ယိုရှီကို အာဏာပိုင်တွေက ဂျပန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဟိုကိုင်းကျွန်းပေါ်က ဝေးလံခေါင်ဖျားတဲ့ အဘာရှီရီ အကျဉ်းထောင်ကို ပို့လိုက်ပါတော့တယ်။ ဒါပေမယ့် အဘာရှီရီ အကျဉ်းထောင်ကလည်း ယိုရှီကို မတားဆီးနိုင်ခဲ့ပါဘူး။

(၁၉၄၄) ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ စစ်ပွဲကာလ ထောင်အတွင်း မီးပျက်နေတာကို အခွင့်ကောင်းယူပြီး ယိုရှီဟာ သူ့ပခုံးကို အဆစ်ပြုတ်အောင် လုပ်ကာ အစားအစာ ထည့်ပေးတဲ့ အပေါက်လေးထဲကနေ အပြင်ကို ရအောင် တိုးထွက်ခဲ့ပါတယ်။  ဒီတစ်ခါလည်း ယိုရှီဟာ အကျဉ်းခန်းနံရံကနေ တဆင့် ခေါင်မိုးပေါ်ကို တွယ်တက်ပြီး လွတ်မြောက်သွားခဲ့ပြန်ပါတယ်။ အဘာရှီရီ အကျဉ်းထောင်ပြတိုက်မှာ ယိုရှီအကျဉ်းထောင်နံရံကို တွယ်တက်နေတဲ့ ရုပ်တုကို တွေ့မြင်နိုင်ပါတယ်။

ယိုရှီကို ထောင်ဖောက်မှုနဲ့ ရုံးတင်စစ်ဆေးပြီး တရားရုံးက သူ့ကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။ ဆက်ပိုရိုအကျဉ်းထောင်မှာ သူ့အတွက်သီးသန့်ပြင်ဆင်ထားတဲ့ အခန်းထဲမှာနေခိုင်းခဲ့ပါတယ်။ ပြီးတော့ လေဝင်ပေါက်ကနေ ထွက်မပြေးနိုင်အောင်ဆိုပြီး အထူးပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်တွေက မျက်နှာကျက်ကိုပဲ အာရုံစိုက်လွန်းခဲ့တာကြောင့် ထောင်ကြမ်းခင်းကို သတိမေ့သွားခဲ့ပုံပေါ်ပါတယ်။ ပြီးတော့ ဆက်ပိုရိုအကျဉ်းထောင်အစောင့်တွေကလည်း ယိုရှီအနေနဲ့ အထူးပြုလုပ်ထားတဲ့ အကျဉ်းခန်းကို မဖောက်နိုင်ဘူးလို့ ယုံကြည်တာကြောင့် လက်ထိပ်ဖြုတ်ပေးထားမိပါတယ်။

ဒီတစ်ခါတော့ ယိုရှီဟာ ကြမ်းခင်းသစ်သားပြားတွေကို ဆက်ထားတဲ့ သံချောင်းလေးတွေကို ပန်ကန်စောင်းနဲ့ တိုက်ပြီး ထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ သူ့အပြစ်ကိုဝန်ခံပြီး ပြန်အဖမ်းခံခဲ့ပြန်တယ်။

ဒီတစ်ခါတော့ အာဏာပိုင်တွေက သူ့ကို ထောင်ဒဏ်အနှစ် (၂၀) သာပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အကြောင်းကတော့ ထောင်ဖောက်ပြေးတဲ့အကြိမ်တိုင်းမှာ အစောင့်တွေကို ထိခိုက်နာကျင်အောင် မလုပ်တာကတကြောင်း အပြစ်တွေကို ကိုယ်တိုင်ဝန်ခံတာတွေကြောင့် အရင်ချမှတ်ခဲ့တဲ့ သေဒဏ်ပြစ်ဒဏ်ကိုပါ ရုပ်သိမ်းပေးခဲ့ပါတယ်။ (၁၉၇၉) ခုနှစ်မှာတော့ နှလုံးရောဂါဖြင့် ယိုရှီတစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။ Hagoku စာအုပ်ဟာ သူ့ဘဝဇာတ်ကြောင်း ကိုရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာ ယိုရှီမူရာက ရေးသားခဲ့တာပါ။

Source: Breaking Asia