လူတိုင်းနီးပါး စစခြင်းလေယာဉ်စီးတဲ့အချိန်မှာ ကြောက်စိတ်တစ်ခုကတော့ အနည်းနဲ့အများဝင်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့က လေယာဉ်မစီးရဲလောက်အောင် ကြောက်စိတ်ဝင်နေပြီးတော့ လေယာဉ်စီးရတဲ့အချိန်မှာလည်း စိတ်ဖိစီးမှုအရမ်းများတတ်ကြပါတယ်။ အဲ့ဒီအတွက် အခုပြောပြသွားမယ့် အချက်အချို့ကို သိထားတယ်ဆိုရင် လေယာဉ်စီးတဲ့အချိန်မှာ ကြောက်စိတ်ကို ဖြေလျော့ထားနိုင်မှာပါ။

အချက်အလက်တွေကို သိထားပါ

လေယာဉ်ပျက်ကျဖို့က စီးနေတဲ့လေယာဉ်ကို မိုးကြိုးအပစ်ခံရဖို့ထက်တောင် အခွင့်အလမ်းပိုပြီး နည်းပါးတယ်ဆိုတာ သင်သိပါသလား။ လေယာဉ်ဟာ ကားစီးတာထက်တောင် ပိုပြီး စိတ်ချရပြီးတော့ လက်ရှိအချိန်မှာ စိတ်အချရဆုံးသော သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်နေဆဲပါ။ ဒါကြောင့် ဘာကို စိတ်ပူနေမှာလဲ။

စိတ်လှုပ်ရှားမှုကို လျော့ချပါ

လေယာဉ်မစီးခင် ကော်ဖီသောက်သုံးတာ၊ စွမ်းအားဖြည့် အချိုရည်တွေသောက်တာက စိတ်လှုပ်ရှားမှုကို ပိုပြီးဖြစ်စေပါတယ်။ အဲ့ဒီအတွက် လေယာဉ်မစီးခင်မှာ ပူရှိန်းပဲဖြစ်ဖြစ်၊ စိတ်ကိုလန်းဆန်းစေတဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်းပဲဖြစ်ဖြစ် သောက်လိုက်တာက ပိုမကောင်းဘူးလား။

လေယာဉ်စီးရတဲ့ ကြောက်စိတ်ကို မဖုံးကွယ်ထားပါနဲ့

လေယာဉ်စီးရတာကို ကြောက်တာက သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူ ၃ ယောက်မှာ ၁ ယောက်က အမြဲတမ်းလေယာဉ်ကို ကြောက်တဲ့အထဲပါပါတယ်။ အဲ့တော့ ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို ဖုံးကွယ်ထားပြီး တစ်ယောက်ထဲလျှောက်တွေးနေမယ့်အစား အခြားဘေးနားကသူတစ်ယောက်ယောက်နဲ့ စကားပြောနေကြည့်ပါ။

ကိုယ့်စိတ်ကို အခြားနေရာကို လွှဲထားပါ

အချိန်ကြာကြာလေယာဉ်စီးရတာက ကိုယ့်ကြောက်စိတ်ကို တဖြည်းဖြည်းပိုဆိုးလာစေပါတယ်။ အဲ့ဒီအချိန်မှာ စာအုပ်ဖတ်နေတာ၊ သီချင်းနားထောင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် လုပ်ပြီး ကိုယ့်စိတ်ကို လွှဲထားပါ။

သေချာလေ့လာထားပါ

လေယာဉ်စီးတော့မယ်ဆိုတာနဲ့ ကိုယ်စီးမယ့်လေယာဉ်အမျိုးအစားပဲဖြစ်ဖြစ်၊ လမ်းကြောင်းမှာဖြစ်နိုင်တဲ့ ကြန့်ကြာမှုတွေ၊ ဘယ်လောက်ထိ အချိန်ကြာနိုင်တယ်၊ လေတိုက်နှုန်း၊ မိုးလေဝသတွေကို အရင်ဆုံးလေ့လာထားတာက ကိုယ့်စိတ်ကို ဖြေလျော့ထားနိုင်မှာပါ။

ထိုင်ခုံကို သေချာရွေးပါ

လေယာဉ်စီးတိုင်းစိတ်လှုပ်ရှားတတ်တယ်ဆိုရင် နေရာကို သေချာရွေးစီးပါ။ ပြင်းထန်တဲ့လေတိုက်ဒဏ်ကြောင့် လေယာဉ်နောက်ပိုင်းမှာ ရှိတဲ့ထိုင်ခုံတွေက ပိုပြီး လေဒဏ်ကို ခံရတတ်တဲ့အတွက် အရှေ့ဘက်ကထိုင်ခုံတွေက ပိုသင့်လျော်မှာပါ။ နောက်တစ်ခုက ပြတင်းပေါက်ဘေးနားက ထိုင်ခုံကလည်း လေယာဉ်စီးရတာကြောက်တဲ့သူတွေဆိုရင် မရွေးချယ်သင့်ပါဘူး။

ကဲ… ဒီအချက်လေးတွေနဲ့ လေယာဉ်စီးရတာကြောက်တဲ့စိတ်ကို တိုက်ဖျက်ကြည့်ရအောင်။

Source: Shutterstock