ဘီလျံနာလို့ ပြောလိုက်ရင် အသက် ၄၀ / ၅၀ တန်းတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အခုတစ်ခေါက် တင်ပြချင်တဲ့ ဘီလျံနာတွေက အသက် ၃၀ အောက်အရွယ်ပဲ ရှိကြသေးတာပါ။ ကြိုပြောချင်တာ တစ်ခုက သူတို့အများစုဟာ Rich Kids တွေအဖြစ် မွေးလာတာပါပဲ။ ဒါပေမယ့်လည်း သူတို့ကိုယ်တိုင် အစွမ်းအစနဲ့ မိဘအမွေကို ကြီးပွားအောင် လုပ်နေသူတွေလည်း ဖြစ်ပါတယ်။
(၁) Gustav Magnar Witzoe

Photo: Pinterest
Gustav ရဲ့ အဖေက ဆယ်လ်မွန်ငါးထုတ်လုပ်ရေးလုပ်ငန်းကို အကြီးအကျယ် လုပ်နေတဲ့သူပါ။ အသက် ၂၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒီလူငယ်ဟာ သူ့အဖေဆီက ဒေါ်လာဘီလျံနဲ့ချီပြီး အမွေဆက်ခံခဲ့တာပါ။ သူ့ဖခင်ဆီက အမွေအဖြစ် ကုမ္ပဏီရှယ်ယာထက်ဝက်နီးပါး ရခဲ့တာပါ။ Gustav ကတော့ အိမ်ခြံမြေနဲ့ နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံနေပါတယ်။ သူကတော့ ဒေါ်လာ ၃ ဘီလျံ ချမ်းသာပါတယ်။
(၂) Ritesh Agarwal

Photo: CNBC
ကမ္ဘာ့ဒုတိယအသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာတစ်ဦးပါ။ တခြားသူတွေလို မိမွေဖမွေနဲ့ ချမ်းသာတာ မဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ကြီးပွားလာသူ ဖြစ်ပါတယ်။ Oyo Hotels လုပ်ငန်းစု တည်ထောင်သူ Ritesh Agarwal ဟာ အသက် ၂၄ နှစ်အရွယ်နဲ့ ဒေါ်လာ ၁.၁ ဘီလျံ (ရူပီးကုဋေ ၇၈၀၀ ) ချမ်းသာသူပါ။
သူတည်ထောင်ခဲ့တဲ့ Oyo Hotels ဟာ အိန္ဒိယရဲ့ အကြီးဆုံး ဟိုတယ်လုပ်ငန်းစု ဖြစ်လာပါတယ်။ သူ့လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာ ၁၀ ဘီလျံအထိ ရှိတယ်လို့ ဆိုပါတယ်။ Startup တစ်ခုအဖြစ်ကနေ စတင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ တရုတ်မှာလည်း ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းစု ဖြစ်လာသလို အမေရိကန်နဲ့ ဥရောပတို့မှာပါ ဈေးကွက်ချဲ့ထွင်ထားပါတယ်။
(၃) John & Patrick Collison

Photo: medium
အိုင်ယာလန် စွန့်ဦးတီထွင်လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ John နဲ့ Patrick Collison တို့ ညီအစ်ကိုနှစ်ဦးဟာ အသက် ၂၉ နှစ်နဲ့ ၃၁ နှစ်အရွယ်ပဲ ရှိသေးပေမယ့် တစ်ယောက်ကို ဒေါ်လာ ၃.၂ ဘီလျံစီ ချမ်းသာပါတယ်။ သူတို့နှစ်ဦးဟာ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ Stripe ဆိုတဲ့ နည်းပညာကုမ္ပဏီတစ်ခု တည်ထောင်ထားတာပါ။ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလျံ ၃၀ ခန့် ရှိပါတယ်။
(၄) Evan Spiegel

Photo: insider
Snap Inc လို့ ခေါ်တဲ့ လူမှုကွန်ရက်ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Evan Spiegel ဟာ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကတည်းက အသက်အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့သူပါ။ အခု သူ့အသက်ဟာ ၃၀ ပြည့်ပြီ ဖြစ်ပါတယ်။ စတန်းဖို့ဒ်မှာ ကျောင်းတက်ကတည်းက သူနဲ့ သူ့သူငယ်ချင်းတွေပေါင်းပြီး Snapchat ကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Evan Spiegel ဟာ ဒေါ်လာ၂.၄ ဘီလျံ ချမ်းသာသူ ဖြစ်ပါတယ်။
(၅) Pedro De Godoy Bueno

Photo: istoe
အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ Pedro ရဲ့ ဖခင်ဖြစ်သူဟာ ဘရာဇီးမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ထဲက တစ်ဦး ဖြစ်ပါတယ်။ ဆေးဝါးဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Diagnosticos da America SA ကုမ္ပဏီကို ထောင်ထားပါတယ်။ သူ့ဖခင်ဆီကလည်း ကုမ္ပဏီရှယ်ယာ အမွေတွေ ရထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကုမ္ပဏီရှယ်ယာတွေ ဆတိုးတက်လာပြီး Pedro လည်း ဘီလျံနာစာရင်းဝင် ဖြစ်လာပါတယ်။
