ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကသာ ပိုချက်တီနိုကို ဆိုးလ်ရှားရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားလိုတဲ့ဆန္ဒရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

Interim Manager Michael Carrick

Photo: 90Min

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့မှာ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို တနင်္ဂနွေနေ့မနက်မှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး မိုက်ကယ် ကားရစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားချိန်မှာ အမြဲတမ်းနည်းပြသစ်ကို ရှာဖွေနေတာဖြစ်ပါတယ်။ ယာယီနည်းပြဖြစ်တဲ့ ကားရစ်ဟာ အင်္ဂါနေ့ညနေက ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် အရေးကြီးတဲ့နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေက ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တာကို မြင်တွေ့ခဲ့တာတောင် ဆိုးလ်ရှားအနေနဲ့ ဒီအခြေအနေကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ထားခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ယခုရာသီမကုန်ခင်မှာ ပိုချက်တီနိုကို အိုးထရက်ဖို့ဒ် ပြောင်းရွှေ့လာချင်အောင် ဆွဲဆောင်ဖို့ ကြိုးပမ်းမလား ဒါမှမဟုတ် ယာယီနည်းပြနဲ့ပဲ ရာသီကို ဆက်သွားမလားဆိုတာကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

Photo: 90Min

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပြီး ဇီဒန်းဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပေမယ့် ရီးရဲလ်နည်းပြဟောင်းက ပြင်သစ်လက်ရွေးစင်နည်းပြဖြစ်လာဖို့ စောင့်ဆိုင်းနေတာလို့ နားလည်ရပါတယ်။ ဒါပေမယ့်လည်း The Telegraph ရဲ့သတင်းအရ ဇီဒန်းဟာ သိပ်မကြာခင်အချိန်အတွင်း ပြင်သစ်လက်ရွေးစင်နည်းပြ ဖြစ်မလာနိုင်ဘူးဆိုရင် ပီအက်စ်ဂျီအသင်းနည်းပြရာထူးကို လက်ခံသွားလိမ့်မယ်လို့ သိရပြီး အဲဒီလို လက်ခံဖို့ကလည်း ပိုချက်တီနို အသင်းမှာ ဆက်ရှိ၊ မရှိအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

ဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်နဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ဇနီးဖြစ်သူ ဗရောနစ်ဟာ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ကို ကန့်လန့်တိုက်နေသူလို့ နားလည်ရပါတယ်။ ပိုချက်တီနိုကတော့ ရာသီမကုန်ခင်မှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာပြီး လန်ဒန်မှာနေထိုင်တဲ့ မိသားစုနဲ့ အိုးမကွာ အိမ်မကွာအတူတူ နေထိုင်နိုင်မယ့် မန်ချက်စတာယူနိုက်တက်နည်းပြသစ် ဖြစ်လာချင်တဲ့ဆန္ဒရှိနေတယ်လို့ နားလည်ရပါတယ်။

Featured Photo: 90Min