ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းဟာ ဘာနေဗျူးကနေ ထွက်ခွာခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်တစ်ဦးကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ‘မင်း ဒီကိုလာခဲ့။ ကင်မရာ မပါဘဲ မင်းကို ပြောမယ်’လို့ ပြောကြားခဲ့ပါတယ်။

စပိန်တီဗွီချန်နယ် Directo Gol က ပြင်သစ်လူမျိုး နည်းပြ လူအများကြား သွားလာနေတဲ့ ဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်ကနေ ထွက်ခွာခဲ့တဲ့အပေါ် အိတ်ဖွင့်ပေးစာ ရေးခဲ့တာ အမှားလုပ်ခဲ့တာလားလို့ သတင်းထောက်တစ်ဦးက မေးခွန်းထုတ်ခဲ့ချိန်မှာ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ ဇီဒန်းဟာ မိသားစုနဲ့အတူ အပြင်ထွက်လည်ပတ်တဲ့အချိန်မှာ အတင်းအကြပ် မေးမြန်းခြင်းခံရတာကို စိတ်တိုခဲ့တယ်လို့ နားလည်ရပြီး ချက်ချင်းပဲ သတင်းထောက်တွေဟာ ရူးကြောင်ကြောင် မေးခွန်းတွေ မေးတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

Zinedine Zidane Loses Temper With Journalist

Photo: SportBible

“ခင်ဗျား အရင်တုန်းကအတိုင်း ခပ်ကြောင်ကြောင် မေးခွန်းတွေ မေးနေတုန်းလား။ မင်းအလုပ်က ကျက်သရေတုံးပဲ။မင်းနဲ့ဆိုရင် အမြဲတမ်း အဲဒီလိုပဲ ဖြစ်နေမှာပဲ။ မင်းကို ငါသိတယ်။ ငါ့ကို မင်းသိတယ်။ ဒီကို လာခဲ့။ မင်းကို ကင်မရာ မပါဘဲ ငါ ပြောပြမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာ ဒုတိယအကြိမ်မြောက် ရီးရဲလ်နည်းပြဘဝကို စွန့်ခွာဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ AS မှာ ဖော်ပြခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဆီ ပေးစာမှာ ဇီဒန်းက အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ၎င်းအပေါ်မှာ ယုံကြည်မှု မရှိတော့ဘူးလို့ ခံစားရတာကြောင့် အသင်းကို စွန့်ခွာခဲ့တာလို့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သွားတော့မယ်။ ဒါပေမယ့် ကျွန်တော် ခေါင်းရှောင်တာလည်း မဟုတ်သလို နည်းပြရတာကို စိတ်ကုန်လာလို့လည်း မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် မေလတုန်းက ကျွန်တော် စွန့်ခွာခဲ့တယ်။ ဘာလို့လဲဆိုတော့ ၂ နှစ်ခွဲမှာ အောင်မြင်မှုတွေ အများကြီးနဲ့ ဆုဖလားတွေ အများကြီးရခဲ့ပြီးတဲ့နောက်မှာ အသင်းအနေနဲ့ အမြင့်မားဆုံးအဆင့်မှာ ဆက်နေဖို့အတွက် ချဉ်းကပ်ပုံအသစ် လိုအပ်လိမ့်မယ်လို့ ကျွန်တော် ခံစားခဲ့ရလို့ပါ။ အခုအချိန်မှာတော့ အရာရာက ကွဲပြားခြားနားနေပါပြီ”

I’m leaving because Real Madrid no longer has faith in me

Photo: IndianExpress

“ကျွန်တော် အသင်းကို စွန့်ခွာသွားတော့မယ်။ ဘာလို့လဲဆိုတော့ အသင်းက ကျွန်တော် လိုအပ်သလောက် ကျွန်တော့်ကို ယုံကြည်မှု မပေးနိုင်တော့ဘူး။ ကာလလတ် ဒါမှမဟုတ် ကာလရှည် တစ်စုံတရာကို တည်ဆောက်ဖို့အတွက် အထောက်အပံ့မပေးချင်တော့ဘူး။ ကျွန်တော် ဘောလုံးကို နားလည်ပြီး ရီးရဲလ်မက်ဒရစ်လိုမျိုး အသင်းရဲ့ တောင်းဆိုမှုတွေကို သိပါတယ်။ ခင်ဗျား အနိုင်မရတဲ့အခါမှာ ခင်ဗျား ထွက်ခွာရမယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် အရမ်းအရေးကြီးတဲ့အရာကတော့ မေ့ဖျောက်ခံခဲ့ရတယ်”

“ကျွန်တော် တစ်နေ့ချင်း တည်ဆောက်ခဲ့တဲ့အရာအားလုံးက မေ့ဖျောက်ခံခဲ့ရတယ်။ ကျွန်တော် ယူဆောင်လာခဲ့တဲ့ ကစားသမားတွေနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးတွေ၊ အသင်းမှာရှိနေပြီး အလုပ်အတူတူလုပ်ခဲ့တဲ့ လူပေါင်း ၁၅၀ လောက်နဲ့ ဆက်ဆံရေးတွေ”

“ကျွန်တော်က အနိုင်ရသူဖြစ်ဖို့ မွေးလာတဲ့သူဖြစ်ပြီး ဒီမှာ ဆုဖလားတွေ အနိုင်ရဖို့ ကျွန်တော် ရှိနေခဲ့တာပါ။ ဒါပေမယ့် အဲဒီထက်တောင် ပိုအရေးပါတာက လူတွေဖြစ်ပြီး သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ကိုယ်တိုင်ရဲ့ ဘဝတွေပါ။ ဒီလိုအရာတွေကို ထည့်တွက်မခံခဲ့ရတဲ့အခါမှာ ကျွန်တော် ခံစားရတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။