ဇလာတန် အီဘရာဟီမိုဗစ်က ၎င်းအနေနဲ့ ဘလွန်ဒေါဆုကို ဘယ်တုန်းကမှ မရရှိခဲ့တာကို ဘာမှ မဖြစ်ဘူးလို့ ပြောကြားခဲ့ပြီး ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုကို မကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးကစားသမားဖြစ်နေဆဲဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Ibrahimovic AC Milan

Photo: Sportbible

အေစီမီလန် ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ဘလွန်ဒေါအဆင့်သတ်မှတ်ချက် အမြင့်မားဆုံးဖြစ်ခဲ့တာက ၂၀၁၃ ခုနှစ်မှာဖြစ်ပြီး ၂၅၇ မဲနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၁၃၆၅ မဲနဲ့ ၂၀၁၃ ခုနှစ်ရဲ့ ဘလွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက ဒုတိယ၊ ရီဘာရီက တတိယနေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Lionel Messi received his seventh Ballon D'or

Photo: Sportbible

မက်ဆီဟာ လက်ရှိအချိန်မှာ ဘလွန်ဒေါဆုကို ၇ ကြိမ်နဲ့ အများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်က ၎င်းရဲ့ စာအုပ်အသစ် ‘Adrenaline: My Untold Stories’ မိတ်ဆက်ပြသတဲ့ပွဲမှာ ဘလွန်ဒေါဆုကို ရရှိတာက ကောင်းမွန်တဲ့အရာဖြစ်လိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

Zlatan Ibrahimovic

Photo:MARCA

ဒါပေမယ့်လည်း အသက် ၄၀ အရွယ် ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးက ဘောလုံးလောက က ၎င်းရဲ့ အဆင့်အတန်းကို သက်သေပြသဖို့အတွက် ကစားသမားတိုင်း လိုချင်နေကြတဲ့ ဘလွန်ဒေါဆုကို ရရှိဖို့ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ဘလွန်ဒေါဆုက ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံးကစားသမားဆိုတာကို သက်သေပြဖို့ အဲဒီဆုကို ရဖို့ မလိုအပ်ပါဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Featured Photo: Sportbible