သင်သည် စူပါမားကတ်မှာပဲ အရောင်းစာရေး လုပ်လုပ် ၊ CEO ရာထူးပဲ ယူထား ယူထား၊ သင့်ရဲ့တန်ဖိုးသည် သင့်ရဲ့အပြူအမူနှင့် ကတိစကားများအပေါ် မူတည်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး ကတိစကားတည် တဲ့ ပုရိသ တစ်ယောက်ဆိုရင် လူအများရဲ့ လေးစားအားကျခြင်းကို ခံရတတ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့  ဆက်ဆံရေးသည်လည်း ပိုမိုခိုင်မြဲနိုင်ပြီး မိမိအလုပ်အတွက် အဆက်အသွယ်ကောင်းများလည်း ရရှိနိုင်ပါတယ်။ ပိုမိုအောင်မြင်တဲ့ဘဝကို တက်လှမ်းနိုင်ပြီး ဘဝအတွက် အခွင့်အလမ်းများလည်း ရရှိနိုင်ပါတယ်။ ဘဝမှာ ပိုမိုတန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်ဖို့ရန်အတွက် ယုံကြည်ချက်ရှိပြီး ကတိစကားတည် တဲ့ ပုရိသ တစ်ယောက်ဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ထိုကဲ့သို့ ကတိစကားတည်တတ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားရမလဲ။

ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ထားရှိပါ

ကတိစကားတည် ပုရိသ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး ကတိစကားတည် တဲ့ ပုရိသ တစ်ယောက်ဖြစ်ဖို့ဆိုရင် အရင်ဦးဆုံး ထိုအချက်အလက်များနှင့် ပြည့်စုံတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ကိုရှာဖွေပါ။ ထိုစံပြပုဂ္ဂိုလ်သည် သင့်ရဲ့ သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သလို သင့်ရဲ့ မိသားစုဝင်များ၊ သင် ချစ်ခင်ရတဲ့ ဆယ်လီတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို စံပြပုဂ္ဂိုလ်အဖြစ်ထားရှိကာ သူတို့ရဲ့အပြုအမူအတိုင်း လိုက်လံပြုကျင့်ခြင်းသည် ပိုမိုလွယ်ကူပြီး သူတို့တွေကနေတဆင့် သင်ခန်းစာ ယူနိုင်ပါတယ်။

ဒါပေမဲ့ သင်သည် လူပုဂ္ဂိုလ်တစ်ယောက်ကို စံပြအဖြစ် မသတ်မှတ်ခင်မှာ သူတို့အကြောင်း အရင်ဦးဆုံး သိရှိနားလည်အောင် လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။ ထိုပုဂ္ဂိုလ်သည် တကယ်ရော စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထိုက်ရဲ့လား။ နောက်ကြောင်း မကောင်းသူများ၊ စာရိတ္တ မကောင်းသူတစ်ယောက်ယောက်ကို စံပြအဖြစ် မှားယွင်းမသတ်မှတ်မိအောင် သတိထားသင့်ပါတယ်။

လက်တွေ့ကျတဲ့ ရည်မှန်းချက်များ ထားရှိပါ

ကတိစကားတည် ပုရိသ

တစ်ခါတစ်လေမှာ ကျနော်တို့သည် ဖြစ်ချင်ဇောကြီးကာ ရည်မှန်းချက် ကြီးလွန်းတဲ့အခါ အကျနာတတ်ပါတယ်။ မျှော်မှန်းထားသလို မဖြစ်လာတဲ့အခါမှာ အလွန်အမင်း စိတ်ဓာတ်ကျသွားတတ်ပြီး နောက်ထပ် ဆက်ကြိုးစားချင်စိတ်များပါ ပျောက်သွားတတ်ပါတယ်။ တကယ်လို့ သင်သည် မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး အပြောနဲ့ အလုပ် ညီကာ ကတိစကားတည် တဲ့ ကွီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လက်တွေ့ကျတဲ့ ရည်မှန်းချက်များကို ချမှတ်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ရေတိုအတွက်ရော ရေရှည်အတွက်ပါ အကျိုးရှိမှာပါ။

သင့်ရဲ့ ရည်မှန်းချက်သည် အလုပ်မှာ ရာထူးတိုးခံရတာပဲ ဖြစ်ဖြစ်၊ ကိုယ်အလေးချိန် ကျချင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ လက်တွေ့ကျပြီး ကိုယ် တကယ် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဥပမာ တစ်ပတ်အတွင်း ၂၀ ပေါင် ကျရမယ်ဆိုတာထက် တစ်ပတ်အတွင်း ၃ ပေါင်လောက် ကျအောင် ကြိုးစားမယ်ဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်မျိုး ထားရှိလိုက်ပါ။

ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံကိုလည်း အလေးပေးပါ

ကတိစကားတည် ပုရိသ

ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် တိုးမြှင့်လာအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။

မယုံဘူးဆိုရင် ကွီးတို့အနေနဲ့ တစ်ရက်လောက် ရုံးကို မသပ်မရပ် မပြင်မဆင် ပုံစံနဲ့ သွားကြည့်ပါ။ လူအများကြားမှာ ကြောက်သလိုလို ရွံ့သလိုလိုနဲ့ မဝံ့မရဲဖြစ်ကာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်များ ကျဆင်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဝတ်ပုံစားပုံသည်လည်း လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိအောင် ကူညီပေးတယ်ဆိုတာ အပြည့်အဝ ယုံလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးပါ

ကတိစကားတည် ပုရိသ

သင် စားသုံးတဲ့ အစားအစာသည် သင့်ရဲ့ ပုံပန်းသွင်ပြင်နှင့် စိတ်ခံစားချက်တို့အပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကြည့်ကောင်းချင်ပြီး လူအများက အားကျရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကျန်းမာရေးနှင့် ညီညွှတ်အောင် စားသုံးပါ။ ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အစားအစာတွေဖြစ်တဲ့ အသင့်စား အစားအစာများ၊ ကြာရှည်ခံ အစားအစာများ၊ အဆီအဆိမ့်များ လွန်းသော အစားအစာများ၊ အချိုဓာတ်လွန်ကဲသော အစားအစာများကို အဆက်အသွယ် ဖြတ်ပစ်ရပါမယ်။ ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသုံးကာ ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါက ရောဂါဘယကင်းရှင်းပြီး ကျန်းကျန်းမာမာနဲ့ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေး ကောင်းမွန်အောင် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

exercise

လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ပျို ကိုယ်နုကာ မိမိကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိချင်တယ်ဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ဖို့ကိုလည်း မပျက်ကွက်သင့်ပါဘူး။ သင့်အနေနဲ့ တကူးတကကြီး လေ့ကျင့်ခန်း မပြုလုပ်ချင်ဘူးဆိုရင်တောင်မှ တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်သင့်ပါတယ်။

အချိန်မဖြုန်းပါနှင့်

time

သင့်ရဲ့အချိန်ကို တန်ဖိုးရှိစွာ အသုံးချရမှာပဲဖြစ်ပါတယ်။ ကိုယ့်တိုးတက်မှုအတွက် အနှောင့်အယှက်ဖြစ်နေတဲ့အရာများ၊ ဥပမာ – ဂိမ်းကစားလွန်းခြင်း၊ ဖုန်းအလွန်အကျွံ သုံးခြင်း အစရှိတဲ့ အလေ့အကျင့်ဆိုးများကို ဖယ်ရှားသင့်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေသည် ပြန်လည်မရရှိနိုင်တဲ့အတွက် ကိုယ့်ရဲ့အချိန်ကို ကိုယ်ကိုယ်တိုင်သာ တန်ဖိုးရှိအောင် အသုံးချရမှာဖြစ်ပါတယ်။ လူသားတိုင်းမှာ တစ်ရက်လျှင် ၂၄ နာရီစီသာ ရရှိကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တွေကို အလဟဿ မဖြုန်းတီးပစ်ဘဲ လုပ်စရာရှိတာများကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပါ။

ကတိမတည်နိုင်ရင် ကတိမပေးပါနှင့်

man

မိမိသည် အစကတည်းက ကတိမတည်နိုင်ဘူးဆိုရင် ဘာကတိမှ မပေးတာ ကောင်းပါတယ်။ ဒီအလုပ်ကို ဘယ်နှရက်အတွင်း ပြီးနိုင်မလဲဆိုရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ အချိန်ကို ချိန်ဆကြည့်ပါ။ ဘယ်နှရက်အတွင်းတော့ ပြီးအောင် လုပ်နိုင်တယ်ဆိုတဲ့ သေချာတဲ့ ကတိသာပေးပါ။ မိမိက အမှန်တကယ် မလုပ်နိုင်ဘဲနဲ့ အထင်ကြီးခံချင်လိုဇောနဲ့ ကတိတွေ ဇွတ်ပေးပြီးမှ အလုပ်တာဝန်တွေ မပြီးမြောက်တဲ့အခါ ကိုယ်ပဲ နာမည်ပျက်ရမှာမဟုတ်လား။ ဒါ့ကြောင့် ကတိမတည်နိုင်ဘူးဆိုရင် ကတိမပေးပါနဲ့။ သို့သော် ကိုယ် လုပ်တဲ့အလုပ်အပေါ်မှာတော့ စေတနာထားပြီး စစ်မှန်တဲ့ စိတ်ထားဖြင့် အလုပ်လုပ်ဖို့တော့ လိုအပ်ပါတယ်။

ဒါမှသာ လောကမှာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်နိုင်မှာမဟုတ်လား။

Source: Malestandard

Featured Image: Thegentlemansjournal