ကမ္ဘာပတ် ပြီး တစ် နိုင်ငံ ပြီး တစ်နိုင်ငံ သွားရောက်လည်ပတ်ကာ စိတ်အပန်းဖြေခြင်းသည် အင်မတန်မှ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံတွေရဲ့ ရိုးရာယဥ်ကျေးမှုများကို လေ့လာရင်း ဗဟုသုတအသစ်များကို ရှာဖွေတာကလည်း ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ကွီးတို့က မတူညီတဲ့ ယဥ်ကျေးမှုတွေကို သေချာလိုက်နာဖို့တော့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင် ကိုယ် လုပ်လိုက်တဲ့ ကိုယ့်ရဲ့ အပြုအမူကြောင့် တစ်ဖက်သား စိတ်အနှောက်အယှက်ဖြစ်ပြီး ငြိုငြင်သွားမယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။
ကွီးတို့ အခုဖော်ပြမယ့် နိုင်ငံတွေကို သွားတဲ့အခါ ရှောင်ကြဥ်သင့်တဲ့ အချက်များကို သိထားဖို့ လိုအပ်ပါတယ်။
(၁) စပိန်နိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ
စပိန်နိုင်ငံသို့ အလည်အပတ် သွားရောက်ဖြစ်တဲ့အခါ (သို့) စပိန် နိုင်ငံသား သူငယ်ချင်းများနဲ့ အစား အစာ အတူတူ စားသောက်ကြတဲ့အခါ မိမိရဲ့ လက်ကို စားပွဲခုံအောက်မှာ ကွယ်ဝှက်မထားဘဲ စားပွဲအစွန်းနားမှာ မြင်သာအောင် ထားထားရမှာပဲ ဖြစ်ပါတယ်။ စပိန်နိုင်ငံလိုပဲ ပြင်သစ်နိုင်ငံ၊ ရုရှားနိုင်ငံတို့တွင်လည်း ထိုနည်းတူပဲ ဖြစ်ပါတယ်။ ကွီးတို့ လက်ကို မမြင်ရအောင် ကွယ်ဝှက်ထားခြင်းက ရိုင်းတဲ့ အပြုအမူလို့ ယူဆကြပါတယ်။ ဒီအယူအဆကတော့ အလယ်ခေတ်လောက်က စတင် ပေါ်ပေါက်ခဲ့တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လက်ထဲမှာ လက်နက်တွေ မဖွက်ထားဘူး ဆိုတာကို ဖော်ပြဖို့အတွက် စားသောက်စားပွဲဝိုင်းမှာ လက်ကို တင်ထားရမှာပဲ ဖြစ်ပါတယ်။
(၂) ထိုင်းနိုင်ငံသို့ အလည်အပတ်သွားတဲ့အခါ
ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ လူတစ်ယောက်ရဲ့ ခေါင်းကို ထိတွေ့ကိုင်တွယ်ခြင်း ၊ ပုတ်ခြင်းတို့ မပြုလုပ်ရပါဘူး။ ထိုင်းလူမျိုးများရဲ့ ယဥ်ကျေးမှုတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများအနက် ဦးခေါင်းသည် အမြင့်မြတ်ဆုံးသော အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ သူစိမ်း တစ်ယောက်ရဲ့ ဦးခေါင်းကို မဆင်မခြင် ထိတွေ့ခြင်းမှ ရှောင်ကြဥ်သင့်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဆင်းတုတော်များ ၊ ရုပ်တုများရဲ့ ဦးခေါင်းတော်ကိုလည်း မထိတွေ့မိဖို့ ဆင်ခြင်သင့်ပါတယ်။ ဒါ့အပြင် ကွီးတို့က ဗုဒ္ဓဆင်းတုတော်ကို ကျောပေးပြီး ဆယ်ဖီ ဆွဲခြင်းတို့ကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဆင်းတုတော်ရှေ့ ဆုတောင်း ကန်တော့ပြီးတဲ့ နောက်မှာ ချက်ချင်းကျောခိုင်း ထွက်သွားခြင်းထက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးမှ နောက်ကျော ပြန်လှည့်သင့်ပါတယ်။
(၃) အင်္ဂလန်နိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ
နိုင်ငံခြား ရုပ်ရှင်တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အနမ်းပေးပြီး နှုတ်ဆက်ကြတာပဲ ၊ ငါလည်း အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ တွေ့ရင် အဲ့လို နှုတ်ဆက်ဦးမှပဲဆိုပြီး မတွေးလိုက်ပါနဲ့။ သူတို့က ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ ဆွေမျိုးတွေကိုသာ ထိုကဲ့သို့ နှုတ်ဆက်တာပါ။ ဒါ့ကြောင့်မို့လို့ အလုပ်သဘောအရပဲ ဖြစ်ဖြစ် ၊ တစ်ဆင့်ခံ မိတ်ဆက်ပေးလို့ သိကျွမ်းရရင်ပဲ ဖြစ်ဖြစ် ပထမဦးဆုံး တွေ့ဆုံတဲ့ သူစိမ်းကို လက်ဆွဲ နှုတ်ဆက်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
(၄) ဂျော်ဂျီယာနိုင်ငံသို့ အလည်သွားတဲ့အခါ
ဂျော်ဂျီယာနိုင်ငံမှာ အမှိုက်မပစ်ရဆိုတဲ့ သတိပေး ဆိုင်းဘုတ်ကြီးတွေ အများကြီးကို ပြူးပြဲနေအောင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျင့်ပါသွားပြီး မတော်တဆ အမှိုက်ပစ်မိမယ် ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၉ ဒေါ်လာကနေ ၃၇၃ ဒေါ်လာအထိ ဒဏ်ကြေးပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျော်ဂျီယာနိုင်ငံသို့ အလည်အပတ်သွားတဲ့အခါ အရင်ဦးဆုံး အမှိုက်ပုံးကို တွေ့အောင် ရှာသင့်ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ သွားရောက် လည်ပတ်ရင်လည်း အမှိုက်မပစ်မိဖို့ သတိထားသင့်ပါတယ်။
(၅) အမေရိကန်နိုင်ငံမှာ သွားရောက်လည်ပတ်တဲ့အခါ
အမေရိကန်နိုင်ငံက သူငယ်ချင်းအသစ်တွေနဲ့ ထမင်းအတူတူ လက်ဆုံစားတဲ့အခါ ကွီးတို့က စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတတ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ရဲ့ စားစရာ ဟင်းပွဲက အရင်ရောက်နေပါစေဦးတော့ အရင်ဦးဆုံး စစားလို့ မရပါဘူး။ အခြားသူတွေ ဟင်းပွဲ အားလုံး စုံမှသာလျှင် အတူတူ စစားသင့်ပါတယ်။
(၆) ခရိုအေးရှားနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ
ခရိုအေးရှားနိုင်ငံသည် ကော်ဖီနဲ့ ပတ်သက်လာရင် ဂုဏ်ယူကြတဲ့ နိုင်ငံဖြစ်ပါတယ်။ ကော်ဖီသောက်တဲ့အခါ စိမ်ပြေနပြေ အချိန်ပေးပြီး ကော်ဖီကို အေးအေးဆေးဆေး သောက်သုံးလေ့ ရှိကြပါတယ်။ ဒါ့ကြောင့်မို့လို့ ကော်ဖီကို ပါဆယ်ဆွဲပြီး သောက်မယ်ဆိုတဲ့ အကျင့်ကို ခရိုအေးရှားနိုင်ငံမှာ သွားမလုပ်မိပါစေနဲ့။
(၇) ဂျာမနီနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ
အိုခေဆိုတဲ့ လက်ဟန်အနေအထားကို မပြုလုပ်မိဖို့ ဆင်ခြင်သင့်ပါတယ်။ ကိုယ့်ဘက်က ကြည့်ရင်တော့ အဆင်ပြေတယ်လို့ သိကြပေမယ့် ဂျာမနီနိုင်ငံရဲ့ ယဥ်ကျေးမှုအရ ထိုလက်နေ အနေအထားသည် သူတို့ကို ရိုးရိုင်းပျပျ စော်ကားခြင်းလို့ ယူဆတတ်ကြပါတယ်။
ကွီးတို့လည်း ကမ္ဘာပတ် ပြီး နိုင်ငံတစ်နိုင်ငံကနေ အခြား တစ် နိုင်ငံ သို့ လည်ပတ်တဲ့အခါ ဒီအချက်ကို ရှောင်ကြဥ်သင့်ပါတယ်။
Source: Femscapesojourns
Featured Image: Freepik