ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးပေါ်မှာ ထူးဆန်းအံ့ဖွယ်နေရာတွေ များစွာရှိပါတယ်။ လှပတဲ့ ကျွန်းကြီးတွေ ၊ စိမ်းစိုတဲ့ တောအုပ်တွေ ၊ နှင်းမြူလွှမ်းခြုံတဲ့ တောင်တန်းကြီးတွေနဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေ စသည်ဖြင့်ပါ။ ဒီထဲမှာ စွန့်စားခန်းဖွင့်ချင်သူတွေ စိတ်ဝင်စားလောက်မယ့် နေရာတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ အသည်းတခိုက်ခိုက် ရင်တဖိုဖို စိတ်လှုပ်ရှားဖွယ် ခံစားမှုပေးနိုင်တဲ့ တံတားကြီးတွေပါပဲ။ ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင်လှသလို အသည်းခိုက်အောင် ရင်ခုန်စိတ်လှုပ်ရှားရမယ့် နေရာတွေပဲ ဖြစ်ပါတယ်။ Acrophobia လို အမြင့်ကြောက်ရောဂါရှိသူတွေဆိုရင်တော့ ဒီနေရာတွေကို ခြေဦးတောင်လှည့်မိမယ် မထင်ပါဘူး။ ကဲဒါဆို ကမ္ဘာပေါ်က ကြောက်စရာ အကောင်းဆုံး တံတားကြီး တွေက ဘယ်တံတားတွေဖြစ်မလဲ ၊ ဘယ်နိုင်ငံတွေမှာ တည်ရှိတာလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) Royal Gorge Bridge – USA
Source : Moving Postcard
အမေရိကန်နိုင်ငံ ၊ ကော်လိုရာဒို ပြည်နယ် ၊ Cañon မြို့အနီးမှာရှိတဲ့ Royal Gorge တံတားကြီး ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ အာကန်ဆာမြစ်ရဲ့ ချောက်ကိုဖြတ်ပြီး ပေပေါင်း ၉၅၅ ပေအမြင့်မှာ တည်ဆောက်ထားပါတယ်။ ဒီတံတားကြီးဟာ ၁၉၂၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တရုတ်နိုင်ငံမှာရှိတဲ့ Liuguanghe တံတားထက် ကျော်လွန်ပြီး ကမ္ဘာ့အမြင့်ဆုံး တံတားကြီးတစ်စင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Royal Gorge တံတားကြီးက အမေရိကန်ပြည်ထောင်စုမှာ အမြင့်ဆုံးတံတားကြီး တစ်စင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးတံတား ၁၀ စင်းစာရင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာပေါ်က ကြောက်စရာ အကောင်းဆုံးတံတားကြီးပဲ ဖြစ်ပါတယ်။
(၂) Sidu River Bridge – China
Source : Akira Henry
တရုတ်နိုင်ငံမှာရှိတဲ့ Sidu မြစ်ကူးတံတားကတော့ အရှည် ၁,၂၂၂ မီတာ (၄,၀၀၉ ပေ) ရှိတဲ့ ကြိုး တံတားကြီး တစ်စင်းဖြစ်ပါတယ်။ ဒီတံတားဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Hubei ပြည်နယ် ၊ Badong ခရိုင် ၊ Yesanguan မြို့အနီးမှာရှိတဲ့ Sidu မြစ်ချိုင့်ဝှမ်းကိုဖြတ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Sidu မြစ်ကူးတံတားကြီး ကို Second Highway Consultants Company, Limited ကနေ ဒီဇိုင်းဆွဲပြီး ယွမ် သန်း ၇၂၀ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်) အကုန်အကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တံတားကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘေးပတ်ပတ်လည်မှာ စိမ်းစိုလှပတဲ့ တောင်းတန်းတွေ ဝန်းရံထားတဲ့ ဒီတံတားကြီးဟာ လက်ရှိကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံးနဲ့ အလှဆုံး တံတားတွေထဲက တစ်စင်းအဖြစ် ပါဝင်နေပါတယ်။
(၃) Storseisundet Bridge – Norway
Source : artoflife Channel
Storseisundet တံတားကြီးဟာ Atlanterhavsveien လို့ လူသိများတဲ့ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ တံတားကြီး ၈ စင်းထဲက အရှည်ဆုံးတံတားကြီးတစ်စင်း ဖြစ်ပါတယ်။ ဒီတံတားကြီးဟာ နော်ဝေနိုင်ငံ Hustadvika မြူနီစီပယ်နဲ့ Averøy မြူနီစီပယ်ကြားမှာ တည်ရှိပြီး နော်ဝေနိုင်ငံကုန်းမြေနဲ့ Averoy ကျွန်းကို ချိတ်ဆက်တည်ဆောက်ထားတဲ့ တံတားကြီး ဖြစ်ပါတယ်။ တံတားရဲ့ အရှည်မှာ ၂၆၀ မီတာ (၈၅၀ ပေ) ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင် ၂၃ မီတာ (၇၅ ပေ) အထက်မှာ ရှိပါတယ်။ ဒီတံတားကြီးကို ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရဲ့ တရားဝင်အမျိုးသား ခရီးသွားလမ်းကြောင်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
(၄) Carrick-a-Rede Rope Bridge – Northern Ireland
Source : Colin M
Carrick-a-Rede တံတားကတော့ မြောက်အိုင်ယာလန် ၊ County Antrim ခရိုင် ၊ Ballintoy ရွာအနီးမှာရှိတဲ့ ကြိုးတံတားတစ်ခု ဖြစ်ပါတယ်။ ဒီတံတားက ကုန်းမြေနဲ့ Carrick A Rede ကျွန်းငယ်လေးကို ချိတ်ဆက်ပေးထားတဲ့ တံတားတစ်စင်းဖြစ်ပြီး ၂၀ မီတာ (၆၆ ပေ) ရှည်လျားကာ ကျောက်ဆောင်တွေရဲ့အထက် မီတာ ၃၀ (၉၈ ပေ) အမြင့်မှာ တည်ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ Carrick-a-Rede ကြိုးတံတားကို ကမ္ဘာ့လှည့်ခရီးသွားပေါင်း ၄၈၅,၇၃၆ ကျော်လာရောက် လည်ပတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး တံတားကိုပိတ်ထားခဲ့ကာ မြောက်အိုင်ယာလန် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ National Trust မှ ထိန်းသိမ်းထားပါတယ်။
(၅) U Bein Bridge – Myanmar
Source : DutchTravellingCouple
ကမ္ဘာပေါ်က ထိတ်လန့်စရာကောင်းတဲ့ တံတားကြီး တွေထဲမှာ မြန်မာနိုင်ငံရဲ့အထင်ကရ ဦးပိန်တံတားကြီးလည်း ပါဝင်လာပါတယ်။ ဦးပိန်တံတားဟာ အမရပူရမြို့အနီး တောင်သမန်အင်းကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။ တံတားရဲ့ အရှည်မှာ ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) ရှိပါတယ်။ ဦးပိန်တံတားကို ၁၈၅၀ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က ရှေးအကျဆုံးနဲ့ တစ်ခေတ်တစ်ခါက အရှည်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကျွန်းသစ်လုံးတံတားကြီး ဖြစ်ပါတယ်။ အင်းဝနိုင်ငံတော်ရဲ့ မြို့တော်ကို အမရပူရသို့ ပြောင်းရွှေ့ချိန်မှာ စတင်တည်ဆောက်ခဲ့ဖြစ်ပြီး တံတားတည်ဆောက်ခဲ့သူရဲ့နာမည် မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတားလို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဦးပိန်တံတားဟာ နှစ်စဉ်ကမ္ဘာ့လှည့်ခရီးသွားတွေ များစွာလာရောက်လည်ပတ်ကြတဲ့ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး ခရီးသွားနေရာတွေထဲကတစ်ခု ဖြစ်ပါတယ်။
Featured Photo : Siachen Studios