လီဗာပူးလ်ဂန္ထဝင် ကစားသမား အီယန်ရက်ရှ်က လီဗာပူးလ်အသင်း အနေနဲ့ ဒီနွေရာသီမှာ ကိုင်လီ မက်ပီကို ခေါ်ယူဖို့ ကြိုးစားသွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်လိုက်ပါတယ်။
ပြင်သစ်ကြယ်ပွင့်ဟာ အခုလာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ကြီးမားတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
Photo : The Athletic
အဲ့ဒီထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက အဆိုပါ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် မကြာသေးမီရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းကလည်း အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရက်ရှ် ကတော့ လီဗာပူးလ်အနေနဲ့ ဇန်နဝါရီလက ပေါ်တိုကနေ လူးဝစ် ဒီယက်ဇ်ကို ပေါင်သန်း ၅၀ တန်ကြေးရှိတဲ့ စာချုပ်နဲ့ ခေါ်ယူခဲ့တာကြောင့် မက်ပီကို ထပ်မံခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
” မက်ပီအတွက် ရီးရဲလ်မက်ဒရစ်က အနည်းငယ် စွန့်စားရနိုင်ဖွယ်ရှိမယ် ၊ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ပရီးမီးယားလိဂ်ကို စဉ်းစားဖို့ပါပဲ ၊ ဒါပေမယ့် အင်္ဂလန်ကလပ်တွေထဲမှာ သူ့ရဲ့ မြင့်မားတဲ့လစာကို ဘယ်အသင်းတွေက တက်နိုင်ပါ့မလဲ ၊ မန်စီးတီးက ဒီလိုလစာမျိုး ပေးနိုင်ပေမယ့် သူက ဂွါဒီယိုလာရဲ့ အကြိုက် ကစားသမားမျိုး ဟုတ်မဟုတ်ဆိုတာ မသေချာဘူး ”
” လီဗာပူးလ်ကလည်း ဒီယက်ဇ်ကို ခေါ်ယူလိုက်တဲ့အတွက် မက်ပီကို အပြိုင်လုနေတဲ့ ပွဲကနေ ထွက်သွားပါပြီ ၊ ကျွန်တော်တို့အားလုံး မက်ပီကို လီဗာပူးလ်မှာ မြင်ချင်ပေမယ့် နည်းပြ ကလော့ပ်က ဒီယက်ဇ်အတွက် ကြီးကြီးမားမား ငွေသုံးခဲ့ပြီး အသင်းရဲ့အနာဂတ်အတွက် စီစဉ်နေပြီးလောက်ပြီမလို့ ဒီနွေရာသီမှာ ကစားသမားထပ်ခေါ်ဖို့ မတွေ့ရလောက်ဘူးလို့” အီယန် ရက်ရှ်က ပြောပါတယ်။

Photo : Goal.com
ဒါ့အပြင် အီယန်ရက်ရှ်က လီဗာပူးလ်အသင်း တိုက်စစ်ပိုင်းမှာ အရည်အသွေးပြည့်မီတဲ့ တိုက်စစ်ကစားသမားတွေ ရှိပြီးသားဖြစ်လို့ မက်ပီကိုတောင် မလိုအပ်ဘူးလို့ ဆိုပါတယ်။
လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ ၊ မာနေး နဲ့ ဂျိုတာ တို့က ဒီနှစ်ရာသီ ပြိုင်ပွဲစုံ မှာ ၅၁ ဂိုး သွင်းယူထားကြပြီး နည်းပြ ကလော့ပ်အနေနဲ့ ဇန်နဝါရီမှာ ဒီယက်ဇ်ကိုမခေါ်ယူမီ ဖာမီနို ၊ အော်ရီဂီ ၊ မီနာမီနို တို့ကိုလည်း အပြည့်အဝ အားကိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Daily Mail

