ချဲလ်ဆီး ကွင်းလယ်ကစားသမား မတ်တီယို ကိုဗာဆစ် ဟာ စနေနေ့ညက မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲအပြီးမှာ သူရဲ့ဂျာစီနဲ့ ဘောင်းဘီတွေ ချွတ်ချပြီး အတွင်းခံဘောင်းဘီလေးနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့တာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။
Photo : Daily Mail
အဆိုပါပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်း ၈၇ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောကနေ တဆင့် ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပို ၉၄ မိနစ်မှာတော့ ယူနိုက်တက်ကစားသမား ကတ်စ်မဲရိုးက ချေပဂိုးပြန်လည်သွားယူခဲ့တာကြောင့် ၁ – ၁ ဂိုး သရေရလဒ်နဲ့ ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရပြီး အိမ်ကွင်းမှာ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ပွဲပြီးချိန်မှာတော့ ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ် တစ်ယောက် အတွင်းခံဘောင်းဘီလေးသာ ဝတ်ထားပြီး စတန်းဖို့ဒ်ဘရစ်ချ်ကွင်းထဲကနေ ဥမင်လျှောက်လမ်းဆီ ပြေးသွားတာကို မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ကိုဗာဆစ်ဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ အတူ ပွဲအပြီး ပရိသတ်တွေကို နှုတ်ဆက်ချိန်မှာ ဂျာစီရော ဘောင်းဘီပါ ချွတ်ပြီး ပရိသတ်အုပ်ထဲကို ပစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ချဲလ်ဆီး ကွင်းလယ်ကစားသမားဟာ အတွင်းခံဘောင်းဘီအပြင် ချဲလ်ဆီးအသင်းခြေအိတ်နဲ့ ဘောလုံးဖိနပ်တွေကိုသာ ဝတ်ဆင်ထားပြီး ကွင်းထဲက အေးအေးလူလူ ပြေးထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Photo : Daily Mail
အဆိုပါ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာလည်း လူပြောများနေပြီး ပရိသတ်တစ်ယောက်က “၂၀၀၆ ခုနှစ်တုန်းက ဘာလင်မှာ ပြင်သစ်ကို အီတလီ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂတ်တူဆိုလည်း ဒီလို အဝတ်အစားတွေ ချွတ်ချခဲ့ဖူးတယ် ၊ ဒါက တော်တော်ရယ်ရတယ် ၊ ဒီလိုမျိုးမြင်ရတာ ကျွန်တော့်အတွက် ဒုတိယအကြိမ်ပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ခရိုအေးရှား လက်ရွေးစင် ကစားသမားရဲ့ ကွင်းအတွင်း ကိုယ်လုံးတီးနီးပါး ပြေးလွှားနေတဲ့ ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်လိုက်ရပြီးနောက် Sky Sports ရဲ့ အားကစား ဝေဖန်သူ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ် ကလည်း “ သူ့ကြည့်ရတာ ကြံ့ခိုင်သေးတာပဲ ” လို့ အရွှန်းဖောက်ခဲ့ပါတယ်။
Featured Photo : Daily Mail