အံ့ဩဖို့ ကောင်းတာတစ်ခုက လူတော်တော်များများဟာ သူတို့ကိုသူတို့ Straight လား Bi လားဆိုတာ မသိကြတာပါ။ အချို့ဆိုရင် အရွယ်ရောက်ပြီး လူလတ်ပိုင်းဝန်းကျင်မှ ကိုယ်ကဘာလဲဆိုတာ သိကြတာမျိုး ရှိပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုဟာ အခုလို ပွင့်လင်းမြင်သာဖြစ်လာတဲ့ ခေတ်အနေအထားမှာ သိပ်တော့အရေးမကြီးတော့ပေမယ့် အာရှယဉ်ကျေးမှုကြီးစိုးတဲ့ နိုင်ငံတွေမှာတော့ ခွဲခြားဆက်ဆံခံရမှုတွေက ရှိနေပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့က Straight တစ်ယောက်လား ဒါမှမဟုတ် လိင်တူ ၊ လိင်ကွဲ ၂ မျိုးလုံးကို စိတ်ဝင်စားတဲ့ (Bisexuality) တစ်ယောက်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခွဲခြားသိမြင်နိုင်မယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်တိုင် ဝေခွဲရခက် နေတယ်ဆိုရင်
Photo : ReachOut Australia
ကိုယ့်ကိုယ်ကိုယ် Straight လား Bi လား အတိအကျ မသိပဲ ကိုယ်တိုင် ဝေခွဲရခက်နေတယ် ၊ မသေမချာ မရေမရာ ဖြစ်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ လိင်တူ ၊ လိင်ကွဲ ၂ မျိုးလုံးကို စိတ်ဝင်စားတဲ့ (Bisexuality) ကိုယ်ရည်ကိုယ်သွေးရှိသူ တစ်ယောက်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကတော့ ကိုယ်တိုင်ပဲ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ်သေချာ ဆန်းစစ်အဖြေထုတ်ရမှာပါ။ အချိန်တစ်ခုရောက်ရင်တော့ သင်ကဘာလဲဆိုတာ ကွဲကွဲပြားပြား သိလာပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကိုယ် လိင်တူ / လိင်ကွဲ ၂ မျိုးလုံး စိတ်ဝင်စားတယ်လို့ ထင်မြင်မိရင်
Photo : Scientific American
ဒါကတော့ ရှင်းပါတယ်။ ကိုယ်တိုင်က လိင်တူရော လိင်ကွဲ ၂ မျိုးလုံးကို စိတ်ဝင်စားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်မိရင် ဒါမှမဟုတ် အတိအကျသိနေတယ်ဆိုရင်တော့ သင်ဟာ Bi တစ်ယောက်ဆိုတာ သေချာပါတယ်။ Bisexual ဖြစ်တာဟာ ရှက်စရာမဟုတ်သလို လူ့အခွင့်အရေးကို ချိုးဖောက်တာလည်း မဟုတ်လို့ သင့်အနေနဲ့ သင့်ရဲ့ဖြစ်တည်မှုကို လွတ်လပ်စွာ လက်ခံလို့ ရပါတယ်။
(၃) လိင်တူ / လိင်ကွဲ တစ်ယောက်စီအပေါ်မှာ စိတ်ရှိနေမယ်ဆိုရင်
Photo : An Injustice!
Relationship နဲ့ပတ်သတ်ပြီး သင့်ဟာ လိင်တူရော လိင်ကွဲရော စိတ်ဝင်စားမှုရှိတယ် ဒါမှမဟုတ် လိင်တူတစ်ယောက် လိင်ကွဲတစ်ယောက်စီအပေါ်မှာ ခံစားချက်တွေ ရှိနေတယ်ဆိုရင်တော့ သေချာပါတယ် သင်ဟာ Bi တစ်ယောက် ဖြစ်နိုင်ခြေ များပါတယ်။ လက်တွဲဖော်ရွေးချယ်မှုတဲ့နေရာမှာ သီးခြားလိင်အမျိုးအစားတစ်ခုတည်းအတွက်ရယ်လို့တော့ အကန့်အသတ်မရှိပါဘူး။ လိင်တူဖြစ်ဖြစ် လိင်ကွဲဖြစ်ဖြစ် ၂ ခုလုံးအပေါ် သင့်အနေနဲ့ ခံစားချက်ရှိလို့ ရပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်တည်း ၂ ယောက်တည်းတွဲမယ်ဆိုရင်တော့ ကိုယ့်ဇာတ်ကိုယ်သာနိုင်အောင်ကပါလို့ပဲ အကြံပေးချင်ပါတယ်။
(၄) Bisexuality အကြောင်းသိချင်စိတ် ပိုပြင်းပြနေတယ်ဆိုရင်
Photo : SpunOut
လူတော်တော်များများက တိုက်ဆိုင်မှုရှိတဲ့အကြောင်းအရာတွေ ၊ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်တွေကို ပိုပြီး စိတ်ဝင်တစား လေ့လာဖြစ်ကြတာ သဘာဝပါ။ သင်က Bisexuality အကြောင်းကို အသေးစိတ်သိချင်နေမယ် ၊ ကိုယ့်ကိုယ်ကိုယ် လည်း Bi တစ်ယောက်ဟုတ်မဟုတ်ဆိုတဲ့ စိတ်ခံစားချက်ကြီးက ရှုပ်ထွေးပြီး ရင်တွင်းကနက်နက်ရှိုင်းရှိုင်း အဖြေတစ်ခု ထွက်ထုတ်ချင်နေမယ် ၊ Bi တွေရဲ့ သဘောသဘာဝကို လေ့လာပြီး ကိုယ်နဲ့ကိုက်ညီမှုရှိမရှိကို စစ်ဆေးချင်တယ်ဆိုရင်တော့ သင်ဟာ Bi တစ်ယောက်ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာ သိနိုင်ပါပြီ။
တကယ်တော့ ယောကျာ်းလေးရော မိန်းကလေးပါ Bi တစ်ယောက် ဖြစ်နိုင်ပါတယ်။ ကွီးတို့ရော ကိုယ့်ကိုယ်ကိုယ် Bi တစ်ယောက်ဟုတ်မဟုတ် သေချာသိပြီလား ???
Source : Momjunction
Featured Photo : Rainbow & Co