စိတ်က အရာရာပါ။ လူတို့က စိတ်ဆုံးဖြတ်ပြီးရင် ဘယ်အရာကိုမဆို လုပ်နိုင်စွမ်းအား ရှိပါတယ်။ စိတ်ကသာ ခံစားချက် အမျိုးမျိုးကို သိနိုင်တာပါ။ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ရှက်တာ၊ ကြည်နူးတာ၊ စိတ်ဆင်းရဲတာ စတဲ့ စိတ်ခံစားချက်တွေကို ကွီးတို့ တော်တော်များများ ခံစားဖူးကြမှာပါ။ ဒါ့အပြင် လူရယ်လို့ ဖြစ်လာရင် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ဓာတ်ကျရတဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို မကောင်းတဲ့စိတ်ခံစားချက်တွေ၊ စိတ်ဓာတ်ကျတာတွေကို လျော့ပါးအောင် မပြုလုပ်ပဲ လျစ်လျူရှုထားမယ်ဆိုရင် ပိုပြီး ပြင်းထန်တဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ရဲ့ စိတ် အခြေအနေကို လျစ်လျူရှုမထားသင့်ဘဲ ဘာကြောင့် အလေးထားဂရုပြုသင့်သလဲဆိုတာကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
စိတ်အခြေအနေက ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု ရှိပါတယ်
Photo : Oceanfront Recovery
“စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့စကားကို ကွီးတို့ ကြားဖူးကြမှာပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေများက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ကွီးတို့အနေနဲ့ အိပ်မပျော်ခြင်း၊ နှလုံးတုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရခြင်းက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အခြားစိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေမျိုး ရေရှည်ဖြစ်လာရင် စိတ်ရော၊ ကိုယ်ပါ ပိုမိုပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ စိတ်အခြေအနေကို လျစ်လျူမရှုသင့်ပါဘူး။
စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပါတယ်
Photo : Erie News Now
ကိုယ့်ရဲ့ စိတ် ကို လျစ်လျူရှုပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို သတိနဲ့ လျော့ပါးသက်သာအောင် မပြုလုပ်နိုင်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပြီး နောက်ပိုင်းမှာ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပါတယ်။ ကွီးတို့ သတိထားသင့်တဲ့ အချက်တွေကတော့
- မျှော်လင့်ချက် ကင်းမဲ့သလို ခံစားရခြင်း၊ ခံစားမှု ဗလာဖြစ်နေခြင်း
- သီးသန့်နေထိုင်လာခြင်း၊ ချစ်ခင်ရသူ၊ မိသားစုဝင်တွေနဲ့တောင် စကားပြောဆိုဖို့ အားမထုတ်တော့ခြင်း
- ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ခြင်း
- အိပ်ချိန်ပြောင်းလဲခြင်း၊ အိပ်စက်ဖို့ ခက်ခဲခြင်း၊ မထချင်လောက်အောင် အိပ်စက်နေခြင်း
- သိသိသာသာ စိတ်တိုလွယ်ပြီး သည်းခံစိတ်လျော့နည်းလာခြင်း
- ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို၊ အသုံးမကျသလို ခံစားရခြင်း
- စားသောက်မှုပုံစံ ပြောင်းလဲခြင်းကြောင့် ကိုယ်အလေးချိန် ထိုးတတ်လာခြင်း (သို့) ထိုးကျခြင်း စတာတွေ ဖြစ်လာရင် လုံးဝ လျစ်လျူမရှုသင့်ပါဘူး။
မကောင်းတဲ့ အတွေးများတွေးမိခြင်း
Photo : Siasat.com
မကောင်းတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းကြေကွဲမှုတွေ ပြင်းထန်တဲ့အခါ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေ အပြင် ကိုယ့်ကိုယ်ကို မကောင်းတဲ့ အတွေးတွေ တွေးမိနိုင်ပါတယ်။ ရှင်သန်ချင်စိတ်မရှိတော့တာ၊ အရှုံးပေးလိုက်ချင်တာ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးတာ စတာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ မကြာခဏစဉ်းစား မိတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်အခြေအနေကို လျစ်လျူရှုထားရင် ဒီလိုအခြေအနေတွေအထိ ရောက်လာနိုင်ပါတယ်။
မပေါ့ဆပါနဲ့
Photo : Highland Springs Clinic
ကိုယ့်ရဲ့ စိတ်အခြအနေကို သတိပြုမိရင် လျစ်လျူရှုလိုက်တာမျိုး၊ ပေါ့ဆတာမျိုး မဖြစ်ပါစေနဲ့။ စောစီးစွာ တတ်ကျွမ်းသော ဆရာဝန်များ၊ ပညာရှင်များနဲ့ ဆွေးနွေးကုသမှုကို ခံယူပါ။ မိသားစုများ၊ သူငယ်ချင်းများ၊ ချစ်ခင်ရသူများကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်ပါ။ ဖေးမမှုကို ခံယူပါ။ ဒါ့အပြင် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ လျော့ပါးအောင် လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ တရားထိုင်တာ၊ ကျန်းမာရေးကို အလေးပေးတာ၊ ကိုယ့်ဝါသနာပါရာလေးတွေ ပြုလုပ်တာ စတဲ့ နည်းလမ်းကောင်းလေးတွေကို ကျင့်သုံးနိုင်ပါတယ်။
ကွီးတို့ရေ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ကို လုံးဝ လျစ်လျူမရှုလိုက်ပါနဲ့ဗျာ။ ဒ့ါအပြင် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူများရှိလျှင်လည်း ဖေးမကူညီ အားပေးပါ။
Source : Web MD, Cleverland Clinic
Featured Photo : GQ