ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေခြင်းသည် ကိုယ်ခံစွမ်းအား ကောင်းမွန်နေကြောင်းကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ကွီးတို့သာ ကိုယ်ခံစွမ်းအား မကောင်းဘူးဆိုရင် ဘာလုပ်လုပ် စိတ်သွားတိုင်း ကိုယ်မပါဘဲ ကျန်းမာရေးလည်း အားနည်းသွားပါလိမ့်မယ်။ ကွီးတို့ရဲ့ ကိုယ်ခံအား နည်းနေတဲ့အခါ ကွီးတို့ရဲ့ ညီလေး လည်းပဲ စိတ်ကောက် သွားပါလိမ့်မယ်။
ကိုယ်ခံအား နည်းလို့ ညီလေး စိတ်ကောက် မသွားဖို့အရေး ကွီးတို့က အခုဖော်ပြသွားမယ့် နည်းလမ်းများနဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပါတယ်။
(၁) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို များများစားသုံးပါ
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများဆိုတာကတော့ တခြားတော့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ အစေ့အဆံများ၊ အဆီနည်းသော အစားအစာများ အစရှိသည်တို့ကို စားသုံးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြည့်ဝဆီများ၊ ကိုလက်စတော၊ ဆားနှင့် သကြား ပမာဏတို့ကိုလည်း ကန့်သတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒါ့အပြင် အစားအစာများကိုလည်း ပုံမှန်စားသုံးဖို့ လိုအပ်ပါတယ်။ အလုပ်များနေလို့ဆိုပြီး အဆာခံတာမျိုး၊ ဝိတ်ချဖို့ဆိုပြီး ကိုယ့် ခန္ဓာကိုယ်ကို တမင် နှိပ်စက်ညှင်းပန်းနေတာမျိုးကို မလုပ်သင့်ပါဘူး။ ကျန်းမာရေးနဲ့အညီ စားသုံးမှသာလျှင် ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားက ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းသည် ကွီးတို့ကို နေလို့ထိုင်လို့ ပိုကောင်းသွားစေပြီး ညဘက်မှာ အိပ်ရေး ဝဝ အိပ်စက်နိုင်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားမှုများ၊ စိတ်ဖိစီးမှုများကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်စေပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ်ခံအား ကောင်းချင်ရင် လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။
(၃) ကိုယ်အလေးချိန်ကို ထိန်းညှိပါ
အဝလွန်ခြင်းသည် ကွီးတို့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများအပေါ် များစွာ ဆိုးကျိုးသက်ရောက်မှု အများအပြားရှိစေနိုင်ပါတယ်။ ပုံမှန်ဆိုရင် အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ခန္ဓာကိုယ် အလေးချိန်က ငယ်ရွယ်စဥ်တုန်းကလိုမျိုး ကျစ်လျစ်နေမှာ မဟုတ်တော့ဘဲ အဆီတွေ တရိပ်ရိပ် တက်လာတတ်ပါတယ်။ ဒီလို ဝိတ်တက်တဲ့အချိန်မှာ ကိုယ့်ကိုယ်အလေးချိန်ကို မထိန်းညှိဘူးဆိုရင်တော့ ကျန်းမာရေးအတွက်လည်း မကောင်းသလို ကိုယ်ခံစွမ်းအားကိုလည်း ထိခိုက်လာပါလိမ့်မယ်။
(၄) အိပ်ရေးဝဝ အိပ်စက်အနားယူပါ
အိပ်ရေး ဝခြင်း၊ မဝခြင်းက ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအား တစ်ခုတည်းအပေါ် ဆိုးကျိုးသက်ရောက်တာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါသေးတယ်။ အိပ်ရေး မဝတဲ့အတွက်ကြောင့် အမောလည်း မခံနိုင်တော့ဘဲ ဘာဆိုဘာမှ လုပ်ဆောင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ အိပ်ရေး ဝဝ အိပ်စက် အနားယူပြီး ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုက်ပါ။ လိုအပ်ပါက အားဆေးများလည်း မှီဝဲသင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ ညီလေးကလည်း ကွီးတို့ကို စိတ်မကောက်တော့မှာပါ။
ကွီးတို့လည်း ကိုယ့်ရဲ့ ညီလေးကို စိတ်ကောက်အောင် လုပ်နေမိပြီလားဆိုတာ ပြန်လည်သုံးသပ်ကြည့်လိုက်ပါဦး။
Source: Cdc.gov
Featured Image: Thesun.ie