ကွီးတို့ရဲ့ ပတ်ဝန်းကျင်မှာဖြစ်စေ ၊ လုပ်ငန်းခွင်မှာဖြစ်စေ ၊ ကိုယ်ကျင်လည်ရာ နယ်ပယ်မှာဖြစ်စေ ၊ ဒီလူကဖြင့် Personality ကောင်းတယ် ၊ ဒီလူကဖြင့် Personality မကောင်းဘူး ၊ စသည်ဖြင့် မကြာခဏ ကြားဖူးကြမှာပါ။ ဒါဆို Personality လို့ ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး ဆိုတာ ဘာပါလဲ။ ကိုယ်ရည်ကိုယ်သွေး ဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ အတွေးအခေါ် ၊ ခံစားချက် ၊ စိတ်နေသဘောထား ၊ အပြုအမူနဲ့ စရိုက်လက္ခဏာများကို ဆိုလိုပါတယ်။

လူတစ်ယောက်ရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်သဘောထားများနှင့် အခြားသူများအပေါ် ပြောဆိုဆက်ဆံပုံကိုကြည့်ပြီး ထိုသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျအားဖြင့် သိရှိနိုင်ပါတယ်။လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းဟာ ထိုလူရဲ့ ဘဝ တိုးတက်ကောင်းမွန်ခြင်းအပေါ်မှာ အလွန်သက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် ထိုသူနဲ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှ လူအများပေါ်တွင်လည်းသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာစေရန် ပျိုးထောင်နိုင်တဲ့ နည်းများကို ကွီးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လူသစ်များနဲ့ တွေ့ဆုံပါ

Photo : Millennialships

ပတ်ဝန်းကျင်အသစ်မှ လူသစ်များ၊ မိတ်ဆွေသစ်များနဲ့တွေ့ဆုံခြင်းသည် ကိုယ့်ရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ရန်နှင့် အသစ်အသစ်သော အရာများစွာကို ရှာဖွေဖော်ထုတ်ဖို့ ကောင်းမွန်တဲ့ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ အခြားသော လူနေမှုပုံစံများနှင့် ယဉ်ကျေးမှုများကို သိရှိရန်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ၎င်းဟာ ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး အပေါ်မှာ သိသာထင်ရှားစွာအပြုသဘောဆောင်သော သက်ရောက်မှုရှိပါတယ်။

(၂) နားထောင်သူကောင်း တစ်ယောက်ဖြစ်ပါစေ

Photo : ICF

နားထောင်သူကောင်း တစ်ယောက်ဖြစ်ခြင်းဟာ မထင်မှတ်ထားလောက်အောင် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုရရှိရန် အရေးကြီးသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ တစ်ယောက်ယောက်နဲ့ အပြန်အလှန်စကားပြောတဲ့အခါမှာ တစ်ဖက်လူပြောစကားကို စိတ်ဝင်တစားနဲ့ သေချာနားထောင်ပြီး အာရုံစူးစိုက်မှုအပြည့်အဝထားရှိပါ။ ကိုယ့်ရဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို အာရုံမစိုက်ဘဲ ဒီစကားဝိုင်းအပေါ်မှာသာ ရှိပါစေ။ နားထောင်သူကောင်းတစ်ယောက် ဖြစ်ခြင်းကလည်း လူအများအကြောင်း ပိုမိုသိရှိစေပြီး ကောင်းမွန်သောနည်းလမ်းဖြင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် ကူညီရာရောက်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုသိပါ

Photo : Quora

တစ်ခုခုကို မစတင်ခင်မှာ ထိုအရာကို သေချာသိရန် လိုအပ်ပါတယ်။ အခုလည်းထိုနည်းလည်းကောင်းပါပဲ။ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး ဟာ ဘယ်လိုလဲ အရင်သိဖို့ ကြိုးစားပါ၊ လေ့လာပါ။ မိမိကိုယ်မိမိ ကောင်းမွန်စွာ ရှု့မြင်သုံးသပ်ပြီး ကိုယ်ရဲ့စရိုက်လက္ခဏာများ၊ အားသာချက် အားနည်းချက်များကို သိရှိစေရန် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စတင်ပါ။ ကိုယ့်ရဲ့ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေကို လက်ခံဖို့မရှက်ပါနဲ့၊ မသိမ်ငယ်ပါနဲ့။ ကိုယ့်အကြောင်းကို သိနိုင်သမျှသိအောင် လေ့လာပါ။

(၄) အပြုသဘောဆောင်သော အတွေးအခေါ်ရှိပါစေ

Photo : Explicit Success

ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိရန်အတွက် ကွီးတို့အနေနဲ့ ကိုယ်ပိုင်အတွေးအခေါ်များသာမက လုပ်ဆောင်မှုများသည်လည်း အပြုသ ဘောဆောင်ရန်လိုအပ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေဟာ ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး ထိုသူရဲ့ကိုယ်ရည်ကိုယ်သွေးကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။ ဒါ့အပြင် ဘဝမှာကြုံတွေ့ရတဲ့ အနိမ့်အမြင့်အတက်အကျ အခြေအနေများမှာလည်း ကွီးတို့အနေနဲ့ ကောင်းမွန်တဲ့ အခြေအနေများကိုသာ ရှာဖွေပြီး အပြုသဘောဆောင်တဲ့ ရှု့မြင်မှုထားရှိပါ။

(၅) ကိုယ့်ရဲ့အသွင်အပြင်ကိုဂရုစိုက်ပေးပါ

Photo : Unplash

ကိုယ့်ရဲ့ အသွင်အပြင်ကို ဂရုစိုက်ပေးနိုင်တဲ့ အဆင့်လေးတွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ လေ့ကျင့်ခန်းလေး တွေလုပ်ပေးပါ။ မှန်ကန်တဲ့ အစားအစာပမာဏ နဲ့ကျန်းမာရေး နဲ့ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားပြီး ပုံမှန်ထိန်းသိမ်းပေးပါ။ ကိုယ့်ရဲ့အသွင်အပြင်ကို ဂရုစိုက်ပေးပါ။ နေရာဒေသ၊ အခြေအနေကိုလိုက်ပြီး ကိုယ့်နဲ့လိုက်ဖက်ပြီး သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုကို အချိန်ပေးပြီး ရွေးချယ်ပါ။ အလုပ်များနေလျှင်တောင် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ဂရုစိုက်ပေးပါ။ ဒီလိုအခြေခံအချက်တွေကို ဂရုစိုက်တဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်မှု နဲ့ထိုက်တန်ကြောင်း သိရှိလာပြီး ယုံကြည်မှုလည်း တိုးစေပါတယ်။ ထို့အပြင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးမြှင့်ပေးရာရောက်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် ပျိုးထောင်ရာတွင် အပေါ်ယံအသွင်အပြင်က အဓိက မဟုတ်သော်လည်းပဲ အရေးပါတဲ့ အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။

(၆) ယဉ်ကျေးမှုရှိပါစေ

Photo : Stump Blog

ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်းက ကောင်းမွန်တဲ့အပြုအမူဖြစ်ပြီး ယဉ်ကျေးမှုရှိသူကို လူတိုင်းက လေးစားချစ်ခင်ကြပါတယ်။ ကွီးတို့ရဲ့ ပတ်ဝန်းကျင်မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကိုယ့်ထက်အသက်ကြီးသူဖြစ်စေ၊ ကိုယ့်ထက်ငယ်ရွယ်သူဖြစ်စေ၊ နေ့စဉ်ပြောဆိုဆက်ဆံရတဲ့ လူတိုင်းကို အပြုံးနှင့် ယဉ်ကျေးစွာဆက်ဆံပြောဆိုပါ။ လူတိုင်းအပေါ် လေးစားမှုရှိပြီး ယဉ်ကျေးမှုရှိခြင်းကလည်း ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို တိုးတက်မြင့်မားစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါအပြင့် ကိုယ်အပေါ်မှာလည်း လူတွေရဲ့ လေးစားချစ်ခင်မှုကို တိုးစေပါတယ်။

(၇) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

Photo : Ethical Boardroom

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အမှန်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုအတွက် အဓိကအရေး ကြီးဆုံး သော့ချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားနှင့် ကိုယ့်ရဲ့စွမ်းရည်တွေ အပေါ်မှာ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။ ကွီးတို့အနေနဲ့ လုပ်ဆောင်ရမဲ့အလုပ်တွေ၊ ထမ်းဆောင်ရမဲ့ လုပ်ငန်းတာဝန်တွေရှိလာရင် ကြောက်ရွံစိတ်တွေ အခက်အခဲတွေကိုအောင်မြင်အောင် ကျော်လွှားပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ခိုင်မာအောင် ကြိုးစားအားထုတ်ပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကို အားပေးပါ၊ စိတ်အားတက်ကြွမှုတွေနဲ့ လွှမ်းခြုံပါ၊ ကိုယ့်ကိုယ်ကိုလေးစားပါ၊ စတဲ့အချက်တွေနဲ့လည်း ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ကို မြှင့်တင်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ကွီးတို့လုပ်သမျှ အရာတိုင်းကိုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ကြိုးစားလုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကြိုးစားလုပ်ဆောင်တဲ့ အရာတိုင်းဟာ အောင်မြင်မှာ လုံးဝကိုသေချာပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတဲ့အချက်ဟာ ဘယ်အရာကမှ မယှဉ်နိုင်တဲ့ တကယ်ကို ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ အချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး များ တိုးတက်ကောင်းမွန်လာပြီး ကွီးတို့ရဲ့ဘဝ အတွက်သာမက ကွီးတို့ပတ်ဝန်းကျင်ရှိလူများ အပေါ်မှာပါ ကောင်းမွန်သော သက်ရောက်မှု ရရှိနိုင်မှာဖြစ်ပါတယ်။

Featured Photo : Insurance Business