ကမ္ဘာပေါ်မှာ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ရင်သပ်ရှုမောဖွယ် အလှအပတွေ၊ ဆန်းကျယ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ထိုအထဲမှာ လှပတဲ့ တောင်တန်းများကလည်း အပါအဝင်ဖြစ်ပါတယ်။ စိမ်းညို့ညို့ သစ်ပင်များနဲ့ အုံ့မှိုင်းနေတဲ့ တောင်တန်းများရှိသလို၊ ရေခဲများ ဖုန်းလွှမ်းနေတဲ့ အဖြူရောင်တောင်တန်းများလည်း ရှိပါတယ်။ အနေအထားမျိုးစုံ ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ တောင်တန်းများက အဝေးကနေလှမ်းကြည့်ရင်တောင် ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ခံစားမှုတစ်စုံတစ်ရာကို ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့ကို ဒီဆောင်းပါးလေးကနေ လေပြေညှင်းများနဲ့အတူ ကောင်းကင်ပြာအောက်က တောင်တန်း များဆီသို့ အလည်တစ်ခေါက်ခေါ်သွားပါရစေ။

Mount Everest

ကောင်းကင်ပြာအောက်က တောင်တန်း

Photo : Kandoo Adventures

ကောင်းကင်ပြာအောက်က လှပတဲ့ တောင်တန်းများကို ဖော်ပြတဲ့ နေရာမှာ ဧဝရတ်တောင် လို့ခေါ်ကြတဲ့ Mount Everest မပါရင် မပြည့်စုံပါဘူး။ ဧဝရတ်တောင်က နီပေါနဲ့ တိဗက်နယ်စပ်မှာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပြီး ဟိမဝန္တာတောင်တန်းရဲ့ Mahalangur Himal အပိုင်းခွဲမှာ တည်ရှိပါတယ်။ ၎င်းရဲ့ အမြင့်ပေက ၈၈၄၈.၈၆ မီတာ ရှိပါတယ်။ ကမ္ဘာတစ်လွှမ်းရှိ တောင်တတ်သမားများကြားမှာ နာမည်ကြီးတဲ့ တောင်လည်းဖြစ်ပြီး စွန့်စားသူများလည်း အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဧဝရတ်တောင်ရဲ့ လှပသောရှုခင်းများကို ခံစားနိုင်ဖို့ တောင်စောင်းကျေးရွာဖြစ်သည့် Namche Bazaar သို့ လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

Table Mountain

ကောင်းကင်ပြာအောက်က တောင်တန်း

Photo : NZ Herald

တောင်အာဖရိကမှာ ရှိတဲ့ Table Mountain ကလည်း ကမ္ဘာ့အ‌ကျော်ကြားဆုံး တောင်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ဖရိကရှိ Cape Town မြို့ကို အပေါ်စီးမှ မြင်ရတဲ့ ထင်ရှားသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ခရီးသွားများအနေနဲ့ ကေဘယ်လ်ကားများကို အသုံးပြုပြီး တောင်ထိပ်ကို တတ်ရောက်နိုင်ပါတယ်။ တောင်ထိပ်ကနေ မြင်ရတဲ့ ရှုခင်းက အသက်ရှုမှားလောက်အောင် လှပနေမှာ အသေအချာပါပဲ။

ဖူဂျီတောင်

ကောင်းကင်ပြာအောက်က တောင်တန်း

Photo : Escape

ဂျပန်လို့ ပြောလိုက်တာနဲ့ ဆာကူရာပန်းလေးများနဲ့အတူ ဖူဂျီတောင်ကိုပါ တန်းပြီး မြင်မိကြမှာပါ။ ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးတောင်ဖြစ်ပြီး အမြင့် ၃၇၇၆ မီတာ ရှိပါတယ်။ ဆောင်းရာသီမှာ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဖူဂျီတောင်က တကယ်ကို လှပပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများစွာကို ဆွဲဆောင်နေတဲ့ ဖူဂျီတောင်ကို တစ်ခါလောက်တော့ ရောက်အောင် လည်ပတ်သင့်ပါတယ်။

Vinicunca၊ ပီရူး

Photo : Travelling and Living

ကောင်းကင်ပြာအောက်က အရောင်အသွေးစုံလင်တဲ့ တောင်တန်း တစ်ခုဆီကို လေပြေညှင်းများနဲ့ အတူ ခရီးမနှင်ချင်ဘူးလား။ ဒီလှပပြီး အရောင်အသွေးစုံလင်လှတဲ့ ပီရူးက Vinicunca တောင်တန်းကို “သက်တန့်တောင်တန်း” လို့ ခေါ်ဆိုကြပါတယ်။ တွင်းထွက်သတ္တုသိုက်များကြောင့် အရောင်များနဲ့ လှပနေတဲ့ Vinicunca တောင်က စပိန်ကိုလိုနီခေတ် အဆောက်အအုံများနဲ့ ပြည့်နှက်နေတဲ့ လှပသော Cusco ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိပါတယ်။ အသက်ရှုမှားလောက်စရာ မြင်ကွင်းကို ကြည့်ရှုခံစားဖို့ဆိုရင် ဒီ သက်တန့်တောင်တန်း ဆီကို အလည်သွားဖြစ်အောင် သွားပါ။

Kirkjufell၊ အိုင်စလန်

Photo : Iceland Travel

Kirkjufell (သို့) ‘Church Mountain’ လို့ခေါ်ဆိုကြတဲ့ တောင်က အိုက်စလန်နိုင်ငံ Snæfellsnes ကျွန်းဆွယ်ရဲ့ မြောက်ဘက်ကမ်းမှာရှိတဲ့ ထူးခြားသောပုံသဏ္ဍာန်ရှိသော တောင်တစ်ခု ဖြစ်ပါတယ်။ Kirkjufellsfoss ရေတံခွန်နဲ့ အတူ ထူးခြားလှပနေသော Kirkjufell တောင်က Game of Thrones ဇာတ်ကားရဲ့ Season 6 နဲ့ 7 ရိုက်ကူးခဲ့တဲ့ နေရာများထဲက တစ်ခု ဖြစ်ပါတယ်။ ဒီထူးခြားလှပတဲ့ တောင်ကိုလည်း တစ်သတ်မှာ တစ်ခါလောက်တော့ ရောက်အောင်သွားဖို့ အကြံပြုလိုက်ပါတယ်။

ကွီးတို့ရေ ဆန်းကြယ်တဲ့ သဘာဝတရားကြီးရဲ့ အလှအပတွေက ကမ္ဘာအနှံ့အပြည့်ပါပဲ။ ကွီးတို့လည်း အချိန်လေးများ ရခဲ့ရင် သဘာဝတရားကြီးကို ကြည့်ရှုခံစားဖို့ နေရာအနှံ့ ခြေဆန့်လိုက်ပါ။

Source : Hostel World

Featured Photo : Picjumbo