အမျိုးသားတစ်ယောက်အတွက် ကောင်းမွန်သော အမူအကျင့်များရှိခြင်းက လူကြီးလူကောင်း ဆန်စေပါတယ်။ Manners လို့ အလွယ်ပြောကြတဲ့ အမူအကျင့် ကောင်းမွန်ဖို့အတွက် အမျိုးသား၊ အမျိုးသမီးမရွေး အရေးကြီးပါတယ်။ အမူအကျင့်ကောင်းမွန်ခြင်းက ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာသာမက ကိုယ်ပိုင်ဘဝမှာပါ ကောင်းသောသက်ရောက်မှုတွေ ရှိစေပါတယ်။ လူအဖွဲ့အစည်းမှာ ကျင်လည်နေတဲ့ လူတစ်ယောက်အတွက် လူကြီးလူကောင်းဆန်တဲ့ အမူအကျင့်ဟာ လူအများရဲ့ လေးစားခြင်းကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့သိထားသင့်တဲ့ ကွီးတို့ရဲ့ ကိုယ်ပိုင်ဘဝမှာရော၊ ပရော်ဖက်ရှင်နယ် ဘဝအတွက်ပါ လိုက်နာပြုမူသင့်တဲ့ လူကြီးလူကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကောင်းမွန်သော အမူအကျင့်များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) တစ်ခုခုကို မစီစဉ်ခင် အမြဲမေးပါ၊ ပူးပေါင်းလုပ်ဆောင်ပါ

ကောင်းမွန်သော အမူအကျင့်များ

Photo : The Right Conversation

ကွီးတို့အနေနဲ့ ပရော်ဖက်ရှင်နယ်နယ်ပယ်က အသင်းအဖွဲ့နဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ အမြဲတမ်း ၎င်းတို့ အချိန်အဆင်ပြေ၊ မပြေ အမြဲမေးပါ။ အသင်းအဖွဲ့နဲ့ အတူတကွ လုပ်ဆောင်တဲ့အခါ ၎င်းတို့ရဲ့ ထင်မြင်ယူဆချက်က အရေးကြီးပါတယ်။ သူများရဲ့ ထင်မြင်ယူဆချက်နဲ့ အချိန်အဆင်ပြေ၊ မပြေ ထည့်သွင်းမစဉ်းစားဘဲ ကိုယ့်စိတ်ကြိုက်ဘယ်တော့မှ မစီစဉ်ပါနဲ့။ အချင်းချင်း ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ပါ။ တစ်ပါးသူရဲ့ ထင်မြင်ယူဆချက်ကို လေးစားပါ။ ဒီအချက်ဟာ သူတစ်ပါးကိုလည်း လေးစားရာရောက်သလို ဘယ်သူ့မှာမဆို ရှိသင့်တဲ့ ကောင်းမွန်တဲ့ အမူအကျင့်များထဲက တစ်ခုပဲ ဖြစ်ပါတယ်။

(၂) Ladies First

ကောင်းမွန်သော အမူအကျင့်များ

Photo : Leiscester Mercury

ကွီးတို့ရေ ဓာတ်လှေကားစီးတဲ့အခါ အမျိုးသမီးတွေကို ဦးစားပေးတာမျိုး၊ အစည်းအဝေးခန်းသွားတဲ့ အခါလူအကုန်ဝင်ပြီးတဲ့ အထိ တံခါးကိုင်ထားပေးတာမျိုးကဲ့သို့သော အမူအကျင့်တွေက တကယ်ကိုကောင်းမွန်တဲ့ အမူအကျင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့သဘောကျနေတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံတဲ့အခါမှာ ကားတံခါးဖွင့်ပေးတာမျိုး၊ စားသောက်ဆိုင်ထိုင်တဲ့ အခါမှာ ကုလားထိုင်ဆွဲထုတ်ပေးတာမျိုးစတဲ့ အပြုအမူသေးသေးလေးတွေက ကွီးတို့ကို တွေးခေါ်တတ်တာကို ပြသပေးပါတယ်။ သေးငယ်ပြီး လေးစားမှုကို ပြသပေးတဲ့ အမူအကျင့်လေးတွေက တစ်ဖက်အမျိုးသမီးလေးကို သဘောကျစေမှာပါ။

(၃) တစ်ဖက်ပြောစကားကို လေးလေးစားစား နားထောင်ပါ

ကောင်းမွန်သော အမူအကျင့်များ

Photo : Quantum Workplace

ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖြစ်စေ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဖြစ်စေ သို့မဟုတ် ကွီးတို့ ချစ်သူလေးနဲ့ပဲ ဖြစ်စေ၊ စကားပြောဆိုတဲ့အခါ တစ်ဖက်သားပြောစကားကို အလေးထားနားထောင်ပေးပါ။ တစ်‌ယောက်ယောက်နဲ့ စကားပြောတဲ့အချိန် သူ့တို့အပေါ်မှာ အာရုံစူးစိုက်မှု အပြည့်အဝပေးပါ။ ကွီးတို့ရဲ့ ဖုန်းကို အာရုံစိုက်နေတာက ကွီးတို့ကို လူကြီးလူကောင်းမဆန်စေပါဘူး။ ဘယ်လိုကိစ္စမျိုးမဆို တစ်ဦးနဲ့ တစ်ဦး စကားပြောဆိုချိန်တွင် အပြည့်အဝ အာရုံစိုက်ပြီး နားထောင်ခြင်းက ကွီးတို့ရဲ့ချစ်ခြင်းမေတ္တာနှင့် လေးစားမှုကို အမှန်တကယ် ပြသရာရောက်ပါတယ်။ ကွီးတို့ချစ်ရသူလေးနဲ့ စကားပြောတဲ့အခါမှာလည်း သူပြောတာကို လေးလေးစားစား နားထောင်ပေးခြင်းက ကွီးတို့အပေါ်ချစ်ခင်လေးစားမှု တိုးစေပါတယ်။ ဒီအချက်ကလည်း လူကြီးလူကောင်းတွေရဲ့ ကောင်းမွန်တဲ့ အမူအကျင့်များ ထဲကတစ်ခုပါ။

(၄) အချိန်လေးစားပါ

Gentle man

Photo : Henery A. Davidsen

အချိန်ကို လေးစားခြင်းက ကွီးတို့ရဲ့ ဘဝတိုးတက်ရေးအတွက်သာမက အလေ့အကျင့်ကောင်းလည်း ဖြစ်ပါတယ်။ ကွီးတို့နဲ့ ချိန်းဆိုထားတဲ့ ချိန်းဆိုမှုတစ်ခု ဒါမှမဟုတ် တွေ့ဆုံဖို့ သတ်မှတ်ထားတဲ့အချိန်တစ်ခုမှာ ကြိုတင်အသိမပေးဘဲ ဘယ်တော့မှ နောက်မကျပါစေနဲ့။ ထိုသို့နောက်ကျခြင်းက တစ်ဖက်လူရဲ့အချိန်ကို မလေးစားသကဲ့သို့ ဖြစ်စေပါတယ်။ ကွီးတို့ကိုယ်တိုင်အတွက်လည်း အများအမြင်မှာ အချိန်ကိုမလေးစားတတ်တဲ့သူ တစ်ယောက်အဖြစ်ထင်မြင်စေပါတယ်။ နောက်ကျတာက ကွီးတို့ရဲ့ စိတ်ခံစားချက်နဲ့ တခြားသူတွေကို ဆက်ဆံပုံအပေါ် သက်ရောက်မှုရှိစေသလို ကိုယ်ကိုတိုင်အတွက်လည်း ဖိအားတွေ ပိုတိုးစေပါတယ်။ ဒါ့အပြင် လူကြီးလူကောင်းလည်း မဆန်စေပါဘူး။

(၅) ယဉ်ကျေးပါ

Gentle man

Photo : 24/7 Wall St

ကွီးတို့ရေ ဘယ်နယ်ပယ်မှာမဆို လူကြီးလူကောင်းလို့သတ်မှတ်ခံထားရတဲ့သူ ဒါမှမဟုတ် ဒီလူဟာ အမူအကျင့်ကောင်းမွန်တယ်လို့ သတ်မှတ်ခံထားရတဲ့သူတွေကို ကြည့်လိုက်ပါ။ လူတော်တော်များများက ယဉ်ကျေးတဲ့ ကိုယ်နှုတ်အမူအရာရှိကြပါတယ်။ ဘယ်သူမှ ကိုယ့်ကိုယ်ကို ယဉ်ယဉ်ကျေးကျေးမဆက်ဆံတာကို သဘောကျ ကြမှာမဟုတ်ပါဘူး။ ကွီးတို့လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မှာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ ကိုယ့်ထက်ရာထူးငယ်တဲ့သူ ဖြစ်စေ၊ အသက်ငယ်တဲ့လူ ဖြစ်စေ၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံပါ။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရင်တောင် အမူအကျင့်က အရေးကြီးပါတယ်။ နောက်ပြောင်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုဖို့အတွက် အချိန်နဲ့နေရာ သက်သက်ရှိပါတယ်။ ယဉ်ကျေးခြင်းက ကွီးတို့ရဲ့ လူမှုဆက်ဆံရေးကို ကောင်းစေပါတယ်။ လူမှုဆက်ဆံရေးကောင်းသူများသည် ဘဝခရီးလမ်းကို အခက်အခဲ နည်းနည်းနဲ့ လျှောက်နိုင်တယ်လို့ ဆိုကြပါတယ်။

(၆) ဝတ်စားဆင်ယင်မှု

Gentle man

Photo : Techub

အမျိုးသားတစ်ယောက် တစ်နည်းအားဖြင့် လူကြီးလူကောင်းတစ်ယောက်မှာ ဝတ်စားဆင်ယင်မှု ကလည်း အရေးပါပါတယ်။ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင် ဒါမှမဟုတ် အရေးကြီးသော ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရာမှာ သင့်လျော်သော ဝတ်စားဆင်ယင်မှု ဖြစ်ပါစေ။ သပ်ရပ်ပြီး သင့်လျော်စွာ ဝတ်စားဆင်ယင်ခြင်းက ကွီးတို့ကိုယ့်ကိုယ်ကိုလေးစားရာ ရောက်သလို၊ တစ်ဖက်သားကိုလည်း လေးစားမှုပြသရာ ရောက်ပါတယ်။ ဒီအချက်ကလည်း တကယ်ကို အရေးပါပါတယ်။

အခု ဖော်ပြပေးလိုက်ပေးလိုက်တာကတော့ လူကြီးလူကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကောင်းမွန်သော အမူအကျင့်များ ပဲ ဖြစ်ပါတယ်။ ဒီအမူအကျင့်များဟာ ကွီးတို့အတွက် လိုက်နာသင့်တဲ့ အပြအမူကောင်းများ ဖြစ်သည် သာမက ဘဝတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမှာ အသေအချာပါပဲ။

Featured Photo : Master