ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်ပြီးတဲ့နောက်မှာ ထာဝရ တည်မြဲတဲ့ အိမ်ထောင်ရေး၊ သာယာ ပျော်ရွှင် ကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုသာ လိုလားတောင့်တကြတာပါ။ တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ လက်တွဲသွားပြီး အပေးအယူမျှနေမှသာလျှင် ထိုအိမ်ထောင်ရေးက ရေရှည်တည်မြဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေး ကံကောင်း ဖို့အတွက် ဆောင် ရန် ရှောင်ရန် အချက်များကို လိုက်နာဖို့လည်း လိုအပ်ပါသေးတယ်။ ဒါမှသာလျှင် သက်ဆုံးတိုင် အဘိုးကြီး အဘွားကြီးဖြစ်သည်အထိ အတူတူ နေထိုင်သွားနိုင်မှာပါ။
ရေတိုအတွက်သာ မစဥ်းစားပါနဲ့။ ရေရှည်ကို ရှုမြင်တတ်ပါစေ
ကိုယ့်အိမ်ထောင်ဖက်နဲ့ တစ်သက်လုံး အေးအတူ ပူအမျှ ပေါင်းသင်းဆက်ဆံချင်တယ်ဆိုရင် ရေတိုကို စဥ်းစားလို့လည်း မရသလို စိတ်ကူးယဥ် ဆန်နေလို့လည်း မရပါဘူး။ တကယ့် လက်တွေ့ဘဝကြီးက စိတ်ကူးယဥ်ဆန်တဲ့အရာတွေနဲ့ပဲ ဖြတ်သန်းနေမယ်ဆိုရင် အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ချစ်ကြည်နူးတဲ့အချိန်၊ ရိုတဲ့အချိန်တွေသည် သမီးရည်းစား ဘဝမှာသာ ရရှိနိုင်တာဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါမှာ စားဝတ်နေရေးအတွက် ရုန်းကန်ဖို့ လိုအပ်လာပြီ။ သားသမီးတွေ ရှိလာခဲ့ရင်လည်း သားသမီးတွေရဲ့ ဝေယျာဝစ္စ၊ ပညာရေး၊ အိမ်ထောင့်တာဝန်၊ စီးပွားရေး အစရှိသည်တို့ကို ဟန်ချက်ညီအောင် ထိန်းထားဖို့ လိုအပ်လာပါပြီ။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ရေရှည်ကို ကြည့်တတ်ဖို့ လိုအပ်ပါတယ်။
တစ်ယောက်ကို တစ်ယောက် ကြင်နာယုယတဲ့အချိန်တွေသည် ကြင်စဦး ဇနီးမောင်နှံဘဝ၊ ပျားရည်ဆမ်းခရီးကာလမှာတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ အချိန်တဖြည်းဖြည်း ကြာလာတဲ့အခါ အချစ်တွေက မှေးမှိန်သွားတာမဟုတ်ဘဲ ရိုမန့်တစ်ဆန်တာတွေ၊ စိတ်ကူးယဥ် ဆန်တာတွေအစား တာဝန်ဝတ္တရားတွေက နေရာယူလာတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ငါ့ကို သမီးရည်းစားတုန်းကလိုမျိုး မကြင်နာ မယုယတော့ပါလားလို့ သံသယဝင်လာရင် အိမ်ထောင့်တာဝန်တွေကိုသာ မြင်ယောင်ကြည့်လိုက်ပါ။
အလုပ်လည်း ကြိုးစားရမှာဖြစ်သလို မိသားစုအတွက်လည်း အချိန်ပေးပါ
အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ သမုဒ္ဒရာ ဝမ်းတစ်ထွာ ပြည့်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုန်းကန်လှုပ်ရှားကာ ကျရာ အလုပ်မှာ တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အိမ်သူ သက်ထား၊ ကိုယ့်သားသမီးတွေကို လူတန်းစေ့ ထားနိုင်ဖို့ဆိုပြီး အလုပ်တွေပဲ ဖိလုပ်ကာ မိသားစုအတွက် အချိန်ပေးဖို့ မေ့နေလို့လည်း မရပါဘူး။ မိသားစုအတွက် အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ အိမ်ထောင်ရေး ကံကောင်း ချင်တယ်ဆိုရင် အလုပ်နဲ့ မိသားစုဘဝ မျှခြေဖြစ်ရမယ်ဆိုတဲ့ အသိ သတိကိုလည်း ဆောင် ထားသင့်ပါတယ်။ နို့မဟုတ်ရင် မိသားစုကို ငွေချည်းပဲ ပေးနေမယ်ဆိုရင် အတွင်း ဗလာဖြစ်နေတဲ့ ကြက်ဥအခွံသပ်သပ်ကို ပေးနေတာနဲ့ အတူတူပါပဲ။ ငွေရေး ကြေးရေးတော့ ကံကောင်းပါရဲ့။ သို့သော် အိမ်ထောင်ရေးတော့ ကံကောင်းနိုင်မှာမဟုတ်ပါဘူး။
တစ်ယောက်အပေါ်တစ်ယောက် ဖေးဖေးမမရှိပါ၊ လေးစားသမှု ထားပါ
မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဆိုတဲ့ စကားက အလကားပေါ်ပေါက်လာတာမဟုတ်ပါဘူး။ လင်ရယ် မယားရယ်လို့ ဖြစ်လာတဲ့အခါ တစ်ယောက်ကို တစ်ယောက် တိုင်တိုင်ပင်ပင်နှင့် ကူညီဖေးမဖို့ လိုအပ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ ယောကျာ်းလုပ်သူက ငွေရှာမယ်ဆိုရင် မိန်းမဖြစ်သူကလည်း အိမ်ထောင့်တာဝန်တွေကို မလစ်ဟင်းအောင် လုပ်ဆောင်ကြရပါတယ်။ အိမ်ထောင့်တာဝန်တွေအပြင် သားသမီးရလာတဲ့အခါ သားသမီးကိုပါ ကြည့်ရှုစောင့်ရှောက်ရပြန်ပါတယ်။ ဒါပေမဲ့ ယောကျာ်းလုပ်သူအနေနဲ့ ငွေရှာပြီးရင် ပြီးပြီ အိမ်အလုပ်တွေ အကုန်လုံးကို အမျိုးသမီးကိုပဲ အပ်ထား၊ သားသမီးကို ကြည့်ရှုထိန်းကျောင်းခြင်းမှာလည်း စိုးစဥ်းမျှ ဝင်မပါဘူးဆိုရင်တော့ ဒီအိမ်ထောင်ရေးက တာဝန်တွေကို ညီမျှစွာ ခွဲဝေယူထားတဲ့ အိမ်ထောင်တစ်ခု ဖြစ်မလာနိုင်တော့ပါဘူး။
ယနေ့ခေတ်မှာ လင်ရော မယားဖြစ်သူပါ အပြင်မှာ အလုပ်လုပ်ပါမှသာ အကြွေးကင်းကင်းနဲ့ စားဝတ်နေရေး ချောင်လည်မှာဖြစ်ပါတယ်။ နှစ်ယောက်စလုံး အပြင်မှာ ထွက်အလုပ်လုပ်ရင် ဘယ်သူက အိမ်အလုပ်တွေ လုပ်တော့မှာလဲ။ ဘယ်သူက ကလေးတွေကို ထိန်းကျောင်း စောင့်ရှောက်မှာလဲ။ ဒီအချက်ကတော့ ကွီးတို့ ကိုယ်တိုင် ကိုယ့်အိမ်သူသက်ထားနဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမယ့်အပိုင်း ရောက်လာပါပြီ။
ကျေးဇူးတင်ကြောင်း၊ ချစ်ကြောင်း ပြောပါ
ကိုယ့် အမျိုးသမီးက မနက်စာ၊ နေ့လည်စာ၊ ညစာ စသည်ဖြင့် ပြင်ဆင်ပေးတဲ့အခါ ကိုယ့်အနေနဲ့ ကျေးဇူးတင်စကား ပြောပေးဖို့ လိုအပ်ပါတယ်။ ကျေးဇူးတင်စကား ပြောဖို့အတွက် ဘယ်လောက်မှ အချိန်ကြာသွားမှာလည်း မဟုတ်သလို၊ ခက်ခဲတဲ့ အရာတစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အတွက် လုပ်ပေးတဲ့အရာများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပြီး သူ(မ)ကို ချစ်ကြောင်းလည်း မမေ့မလျော့ ပြောဆိုဖို့ လိုအပ်ပါတယ်။ ကိုယ့်သားသမီးတွေကိုလည်း အမေ အပေါ် သိတတ်နားလည်အောင်၊ ကျေးဇူးတင်စကား ပြောတတ်အောင် သင်ကြားထားဖို့ လိုအပ်ပါတယ်။ အိမ်ထောင်တစ်ခုသည် နှစ်ကာလ ကြာလာတဲ့အခါ တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့ ပြောဖို့ မေ့သွားတတ်ကြပါတယ်။ ဒီအချက်သည် သတိထားရမယ့်အချက်တစ်ခုပြဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာတော့ ကိုယ့်မိသားစုအတွက် အနာဂတ် စီမံချက်များ ထားရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်၊ ကိုယ့် မဟေသီရဲ့ ရည်မှန်းချက် ပန်းတိုင်များကိုလည်း ဖြည့်ဆည်းဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် အားလပ်ချိန်လည်း ထားရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်အမျိုးသမီးအတွက်လည်း အိမ်ထောင့်တာဝန်များပဲ ဖိခိုင်းမနေဘဲ သူ(မ)ရဲ့ ကိုယ်ပိုင်အားလပ်ချိန် ထားရှိဖို့လည်း တိုက်တွန်းသင့်ပါတယ်။
Source: Lovepanky
Featured Image: Freepik