ကွီးတို့ရေ ကျန်းမာရေး ကို အလေးပေး ဂရုစိုက်ဖြစ်ပါသလား။ ကျန်းမာရေးက အရာရာပါ။ ကျန်းမာမှ စိတ်ရောကိုယ်ပါ လန်းဆန်းတတ်ကြွပြီး စိတ်သွားတိုင်း ကိုယ်ပါကာ ကိုယ်လုပ်ချင်တာကို လုပ်နိုင်မှာပါ။ လူတော်တော်များများက ကျန်းမာရေးကို ကြိုတင်ဂရုစိုက်လေ့ မရှိဘဲ တစ်ခုခုဖြစ်လာမှ နောင်တရမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ ကျန်းမာရေးကို ထိန်းသိမ်းဖို့ သိပ်တော့ မခက်ပါဘူး။ အပြောင်းအလဲတချို့ပဲ လိုတာပါ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကျန်းမာ လန်းဆန်းတတ်ကြွနေစေဖို့ ပြောင်းလဲသင့်တဲ့ အလေ့အကျင့် ကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ရေကို လုံလောက်စွာ သောက်သုံးပါ

ကျန်းမာ လန်းဆန်းတတ်ကြွနေစေဖို့

Photo : Vista Create

ကွီးတို့က ရေသောက်နည်း နေပါသလား။ ရေသောက်နည်းနေတယ်ဆိုရင် ဒီအလေ့အကျင့်ကို ပြင်ဖို့လိုပါမယ်။ ရေကို လုံလောက်စွာ သောက်သုံးခြင်းက ကျန်းမာသော ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ရေဓာတ်က ကျွန်‌တော်တို့ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ၊ နှလုံး၊ ကြွက်သားများနှင့် ဦးနှောက်အထိ သက်ရောက်မှုရှိပါတယ်။ ရေကို လုံလောက်စွာသောက်ခြင်းက ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေစေသည်သာမက ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ရေများများသောက်ခြင်းက တစ်နေ့တာအတွင်း ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။

ကိုယ်လက်လှုပ်ရှားပါ

ကျန်းမာ လန်းဆန်းတတ်ကြွနေစေဖို့

Photo : Vista Create

ကျန်းမာ လန်းဆန်းတတ်ကြွနေစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ လှုပ်ရှားမှုမရှိတဲ့အခါ လေးလံထိုင်းမှိုင်းလာပြီး စိတ်ရောကိုယ်ပါ တတ်ကြွမှု မရှိတော့ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး အဝလွန်ဖြစ်နိုင်ခြေလည်း များပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အချို့သော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

အိပ်ချိန်လုံလောက်ပါစေ

Photo : Vista Create

ကွီးတို့က အကြောင်းအမျိုးမျိုးကြောင့် ညဉ့်နက်မှ အိပ်ဖြစ်ပါသလား၊ ဒါမှမဟုတ် အိပ်ချိန်မလုံလောက်လို့ အိပ်ရေးမဝ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဒီလို အခြေအနေကို ‌ပြောင်းလဲဖို့ လိုပါတယ်။ လုံလောက်စွာ အိပ်စက်ခြင်းက လူတစ်‌ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အလုံးစုံသော ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အိပ်ရေးဝတဲ့အခါ တစ်နေ့တာလုံး တတ်ကြွစွာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သာမာန်လူတစ်ယောက်အတွက် တစ်ညလျှင် ခုနှစ်နာရီ မှ ရှစ်နာအထိ အိပ်သင့်ပါတယ်။

သဘာဝ အသီးအနှံများကို များများစားပါ

Photo : Vista Create

ကျန်းမာဖို့အတွက်ဆိုရင် ကွီးတို့ရဲ့ စားသောက်မှုပုံစံကိုလည်း ပြောင်းလဲဖို့ လိုပါတယ်။ သဘာဝအစားအစားများ အသီးအနှံ စတာတွေကို များများစားသုံးပြီး ပြုပြင်ထားသော အသားများနှင့် အသင့်စား အစားအစာများကို တတ်နိုင်သလောက်ရှောင်ပါ။ အမျှင်ဓာတ်၊ ဗီတာမင်နှင့် အာဟာရဓာတ်များကို အစားစားများမှ ရရှိတာကြောင့် သေချာစွာ ရွေးချယ်စားသောက်ဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာတွကို များများ စားသုံးပေးပါ။ ဆားအလွန်အကျွံ စားသုံးခြင်းကိုလည်း ရှောင်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကျန်းမာ လန်းဆန်းတတ်ကြွနေစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကျန်းမာမှ ‌ပျော်ရွှင်တဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်တာကြောင့် ဒီလို အလေ့အကျင့် ကောင်းတွေကို အခုပဲ ပြောင်းလဲလိုက်ပါ။

Source : Copper Aerobics

Featured Photo : Vista Create