လိင်မှုဘဝ ကျန်းမာရေးဟာ ကွီးတို့ အမျိုးသားတိုင်း ဂရုစိုက်စောင့်ထိန်းရမယ့် အခြေခံ ကျန်းမာရေး အမူအကျင့် တစ်ခုပါပဲ။ ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ထားခြင်းက အမျိုးသားတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပြင် ပါတနာနဲ့ ဆက်ဆံရေး အခြေအနေတွေအပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အဓိကအားဖြင့် ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနေတဲ့ လိင်မှုဘဝကို ရရှိဖို့ဆိုရင် ကွီးတို့ နေ့စဉ်ဘဝထဲက အချို့သော အလေ့အကျင့်ဆိုးတွေကို ရပ်တန့်လိုက်ဖို့ လိုပါတယ်။ ဒီဆောင်းလေးမှာတော့ ယောကျာ်းတိုင်း သတိထား ရှောင်ကြဉ်ရမယ့် လိင်မှုဘဝအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အလေ့အကျင့်တွေဆို မျှဝေပေးချင်ပါတယ်။
(၁) ဆေးလိပ်/စီးကရက် ချက်ချင်းဖြတ်ပါ
Photo : In-Shape Family Fitness
ကွီးတို့က ဆေးလိပ်/စီးကရက် သောက်ဖြစ်နေသူတစ်ယောက်ဆိုရင်တော့ ဒီနေ့ကစ ရပ်တန့်လိုက်ဖို့ အကြံပေးပါရစေ။ ဆေးလိပ်/စီးကရက် သောက်ခြင်းဟာ သွေးကြောတွေကို ကျဉ်းစေပြီး လိင်တံဆီ သွေးစီးဆင်းမှုကို ကမောက်ကမ ဖြစ်စေတာကြောင့် ပန်းသေပန်းညိုးကဲ့သို့ လိင်အင်္ဂါ ချို့ယွင်းမှု ပြဿနာတွေနဲ့ လိင်စိတ်ဆန္ဒ လျော့နည်းတဲ့ ပြဿနာတွေ များစွာ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။
(၂) လှုပ်ရှားမှုမရှိတဲ့ အခြေအနေကို ရပ်တန့်ပါ
Photo : Pexels
တစ်နေ့တာအတွင်းမှာ အထိုင်များတာ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်ရှားတဲ့ အခြေအနေမျိုး ရှိနေတယ်ဆိုရင် အခုပဲ ပြောင်းလဲလိုက်သင့်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှု မရှိဘူးဆိုရင် လေးလံထိုင်းမှိုင်းပြီး အဆီပိုတွေ တက်လာစေနိုင်သလို ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးနဲ့ လိင်မှုဘဝ အပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ဆိုးကျိုးတွေလည်း အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် အဝလွန်ခြင်းနဲ့ ဆက်စပ်ပြီး သွေးတိုး ၊ နှလုံး ၊ ဆီးချို ပြဿနာတွေအပြင် လိင်မှုရေးရာ လှုပ်ရှားမှုတွေမှာ ကောင်းကောင်းစွမ်းဆောင်ရည် ထုတ်မပြနိုင်တာ ၊ လိင်တံကောင်းစွာ ထောင်မတ်နိုင်ခြင်းမရှိတာ စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၃) အိပ်ချိန်မမှန်တဲ့ ပြဿနာကို ပြောင်းလဲပါ
Photo : Authentic Personal Training
အိပ်စက်ခြင်းဟာ လိင်မှုဘဝ ကျန်းမာရေးနဲ့ အများကြီး ဆက်နွယ်မှု ရှိပါတယ်။ ရေရှည်အိပ်ရေးပျက်တာ ၊ အိပ်ချိန် မမှန်တာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးကျိုးတွေ သက်ရောက်စေနိုင်သလို လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာ ၊ လိင်တံကမောက်ကမ ဖြစ်တာတွေ အပါအဝင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုအပေါ် စိတ်ပါဝင်စားမှု လျော့နည်းတာ စတဲ့ ဆိုးရွားတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေတွေ ခံစားရနိုင်ပါတယ်။
(၄) ကြုံရာ ဖြစ်သလိုစားတဲ့ စားသောက်မှုပုံစံကို ချိန်းပါ
Photo : Hospital CMQ
ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဆိုရင် စားသောက်နေထိုင်မှု ပုံစံ သိပ်ကို အရေးပါပါတယ်။ အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးတာဟာ လိင်အင်္ဂါကျန်းမာရေးနဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ် များစွာ အထောက်အကူ ဖြစ်နိုင်သလို ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင် နိုင်စေမှာပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် သကြားနဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေ ၊ ဆီကြော်နဲ့ ပြုပြင်ထားတဲ့ အစားအစာတွေအပြင် ကော်ဖီနဲ့ အရက်ဘီယာ သောက်သုံးမှုကိုလည်း တက်နိုင်သမျှ ကန့်သတ်လျော့ချ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
ဒီအချက်တွေကို လိုက်နာရင်ပဲ ကွီးတို့ ကျန်းမာတဲ့ လိင်မှုဘဝ ကို သေချာပေါက် ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : New York Post