ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လူတိုင်းလိုချင်ကြတာ ချည်းပါပဲ။ ပျော်ရွှင်ဖို့အတွက်ဆိုရင် ကျန်းမာမှ ဖြစ်နိုင်မှာပါ။ မကျန်းမာရင် စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ အခြေအနေမှာ ဘယ်သူမှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာပျော်ရွှင်ဖို့ လို့ဆိုရာမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေဖို့လိုပါတယ်။ ကျန်းမာဖို့ ပျော်ရွှင်ဖို့ဆိုတာ အမှန်တကယ်တော့ မခက်ခဲပါဘူး။ အလေ့အကျင့်ကောင်းတွေကို ပုံမှန်လိုက်နာ ကျင့်သုံးဖို့ပဲ လိုတာပါ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကျန်းမာပျော်ရွှင်တဲ့ အမျိုးသားတိုင်း ကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်ကောင်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို အာရုံစိုက်ခြင်း
Photo : Vista Create
ကွီးတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုစေတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ကို နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။ ယနေ့ခေတ် လူအဖွဲ့အစည်းပုံစံ အရ စားပွဲမှ အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတာ၊ Screen Time များတာ စတာတွေကြောင့် လှုပ်ရှားမှု မရှိဘဲ ခန္ဓာကိုယ်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ လမ်းလျှောက်တာ ဖြစ်စေ၊ ပြေးတာဖြစ်စေ၊ အိမ်မှာ လုပ်လို့ရတဲ့ ကိရိယာလွတ်လေ့ကျင့်ခန်းတွေ ဖြစ်စေ၊ ကွီးတို့အားသန်တာကို ပုံမှန်အလေးပေးပြီး ပြုလုပ်ပါ။
မနက်စာ ပုံမှန်စားခြင်း
Photo : Men’s Health
မနက်စာစားခြင်းဟာ တစ်နေ့တာမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရုန်းကန်နိုင်စေဖို့ အရေးကြီးတဲ့ ယန္တရား တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ကွီးတို့ မနက်စာ မစားဖြစ်တာ တစ်ရက်တစ်လေ ဆို ကိစ္စမရှိပေမဲ့ နေ့စဉ်ဖြစ်လာပြီ ဆိုရင်တော့ ရက်ဆက် ပြဿနာရှိ လာနိုင်ပါတယ်။ မနက်စာမစားခြင်းကြောင့် နောက်ဆက်တွဲ အနေနဲ့ ကိုယ်အလေးချိန်တတ်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေတာ အစရှိတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို အလေးပေးစားသုံးပေးပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ကွီးတို့စားသောက်သမျှ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အလေးပေးပါ။ အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ပါ၊
လုံလောက်စွာအိပ်စက်ခြင်း
Photo : Vista Create
ကျန်းမာဖို့အတွက် လုံလောက်သော အိပ်စက်အနားယူခြင်းဟာလည်း အရေးကြီးပါတယ်။ ကောင်းစွာ အိပ်စက်ခြင်း မရှိတဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အိပ်စက်ခြင်းကို အလေးထားပြီး လုံလောက်သော အိပ်စက်ခြင်းရရှိစေဖို့ အလေ့အကျင့်ကောင်းကို မွေးမြူပါ။ တစ်ညလျှင် အိပ်ချိန် ၇ နာရီမှ ၈ နာရီရှိဖို့ လိုအပ်ပါတယ်။
စိတ်ဖိစီးမှုများကို လျှော့ချခြင်း
Photo : Vista Create
ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရယူဖို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ စိတ်ထောင်း ကိုယ်ကြေ ဆိုတဲ့ စကားကို အကုန်လုံးကြားဖူးကြမှာပါ။ ယနေ့ခေတ်မှာ လူတော်တော်များများ ကြုံတွေ့နေရတာကတော့ စိတ်ဖိစီးမှု ပြဿနာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိရင်ရှိမယ် စိတ်ဖိစီးမှုတွေကတော့ လူတိုင်းနီးပါးကြုံတွေ့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေ ရှိလာနိုင်ပြီး ကျန်းမာ ပျော်ရွှင်ဖို့ အတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းလေးများ နားထောင်ခြင်း၊ ကိုယ့်ဝါသနာပါရာ တစ်ခုခုကို ပြုလုပ်ခြင်း စတာလေးတွေ ပြုလုပ်ပေးပါ။
အပန်းဖြေ အနားယူဖို့ အချိန်ပေးခြင်း
Photo : Vista Create
မိမိကိုယ်ကို ဂရုစိုက်ခြင်းက ကျန်းမာပျော်ရွှင်တဲ့ အမျိုးသားတိုင်း ကျင့်သုံးလေ့ရှိတဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ စိတ်ရော ကိုယ်ပါ အနားပေးဖို့ အချိန်ယူပါ။ အလုပ်နဲ့ ဘဝကို ညီမျှအောင် ကြိုးစားပါ။ ဒီလို အပန်းဖြေတဲ့နေရာမှာ ခရီးထွက်တာ၊ တီထွင်ဖန်တီးမှုတစ်ခုခု ပြုလုပ်တာ၊ ကိုယ်ဝါသနာပါတာ တစ်ခုခုကို ပြုလုပ်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ခြင်း
Photo : Private Walk
အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ကြည့်ရင် ကျန်းမာရေးကို လစ်လျူရှုလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်မှာ မူမမှန်တာ တစ်ခုခုခံစားရတာနဲ့ မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။ အသက်အရွယ်အလိုက် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်တဲ့ အလေ့အကျင့် လုပ်ထားမယ်ဆိုရင် ဖြစ်ပေါ်လာမည့် ကျန်းမာရေးပြဿနာတွေကို လျှင်မြန်စွာ စောစီးစွာ သိနိုင်ပြီး ကြိုတင်ကုသမှု လုပ်နိုင်ပါလိမ့်မယ်။
ချစ်ခင်ရသူတွေကို အချိန်ပေးခြင်း
Photo : All Pro Dad
ယနေ့ခေတ်မှာ လူတော်တော်များများက ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ကုန်ဆုံးတာ၊ လုပ်ငန်းတာဝန်တွေကြောင့် အလုပ်ရှုတ်တာ များလာကြပြီး ပတ်ဝန်းကျင် မိသားစုနဲ့ ထိတွေ့ဆက်ဆံမှု နည်းလာပါတယ်။ ဒီအချက်က ကြာလာရင် ကွီးတို့ ကျန်းမာရေးကို ထိခိုက်လာနိုင်စေသည်သာမက ပျော်ရွှင်မှုကို ပျောက်ဆုံးလာစေပါတယ်။ ဒါ့ကြောင့် မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ အချိန်တစ်ခု အတူတူကုန်ဆုံးတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက ကွီးတို့ကိုယ်တိုင်အတွက်သာမက အခြားသူတွေကိုပါ ပျော်ရွှင်စေပြီး ကိုယ်ရော စိတ်ပါ ကျန်းမာစေတာ အမှန်ပါပဲ။ ဘဝမှာ ပျော်ရွှင်မှု ကျန်းမာမှုနဲ့ ပြည့်စုံတဲ့ အမျိုးသားတွေက ၎င်းတို့ချစ်တဲ့သူများနဲ့အတူ အချိန်ဖြုန်းဖို့ လိုလားကြပါတယ်။
ကွီးတို့ရေ ကျန်းမာပျော်ရွှင်တဲ့ အမျိုးသားတိုင်းက ဒီလိုအလေ့အကျင့်ကောင်းတွေကို လိုက်နာကြပါတယ်။ ကွီးတို့လည်း ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေဖို့ အလေ့အကျင့်ကောင်းတွေကို ဒီနေ့ကစပြီး မွေးမြူပါ။
Source : 1Life
Featured Photo : Vista Create