မိမိကျန်းမာရေးကို ဂရုစိုက်ခြင်းသည် ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်ပြီး ထိုအလေ့အကျင့်ကောင်းကို လူတိုင်း လူတိုင်း ပြုစုပျိုးထောင်သင့်ပါတယ်။ ကျန်းမာရေး က ဒေါင်ဒေါင်မြည်နေမှသာလျှင် ကိုယ် လုပ်ချင်တဲ့အရာတွေ၊ စားသုံး ချင်တဲ့အရာတွေကို အပီအပြင် စားသုံးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေပြီး အသစ်သော အရာများကိုလည်း စူးစမ်းနိုင်မှာမဟုတ်ပါဘူး။
ကွီးတို့အနေနဲ့ ကျန်းမာရေး နဲ့အညီ အပီအပြင် စားသုံး နိုင်ဖို့ဆိုရင် ဘယ်လိုအချက်တွေကို သိထားဖို့ လိုအပ်ပါသလဲ။
ကာကွယ်ဖို့ လိုအပ်ပါတယ်
တချို့ဘီးကျဲတွေက အားရပါးရ ကဲချင်တာပဲ သိပါတယ်။ အရဲစွန့်ပြီး အားရပါးရ ကဲလိုက်လို့ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ ထည့်မတွက်ကြပါဘူး။ ကွီးတို့အနေနဲ့ ကိုယ့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစွတ်ထိုးဆန်နေလို့မရပါဘူး။ လိုအပ်တဲ့ အကာအကွယ်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးနဲ့ ကွီးတို့ ပါတနာက တစ်ဦးတစ်ယောက် စနစ်ကိုသာ ကျင့်သုံးရင်တော့ တစ်မျိုးပေါ့။ ကိုယ့်အတွက်ကလည်း ကိုယ့်ပါတနာ တစ်ယောက်တည်းပဲ ရှိတယ်။ ကိုယ့်ပါတနာကလည်း ကိုယ့်တစ်ယောက်တည်းပဲ ဆိုရင်တောင်မှ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုများကို ခံယူပြီးမှသာ ဦးထုပ်ချွတ်ပြီး ကြိုက်သလောက် ကဲနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဦးထုပ်ဝတ်တာ အကောင်းဆုံးပါပဲ။
ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပါ
ကွီးတို့ စားသုံးလိုက်တဲ့ အစားအစာသည် ကွီးတို့ရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးမယ်ဆိုရင် သက်လုံကောင်းမယ်၊ အမောခံနိုင်မယ်၊ ဖဲမွေ့ယာထက်မှာ အကောင်းဆုံး စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးပါ။ အဆီ၊ အဆိမ့်များ ရှောင်ပါ။ သဘာဝ အဆီများကိုသာ မှီဝဲပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ များများ မှီဝဲပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ
ကွီးတို့အနေနဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သင့်တဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ်။ ဘာအကြောင်းအရင်းလဲဆိုတော့ လေ့ကျင့်ခန်း မပြုလုပ်တဲ့ အမျိုးသားများထံတွင် လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာများ တစ်ခုမဟုတ် တစ်ခု တွေ့ရတတ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် အမောခံနိုင်လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုတိုးလာပါလိမ့်မယ်။ ကွီးတို့ရဲ့ စွမ်းဆောင်ရည်လည်း တိုးလာပြီး ကျန်းမာရေး နဲ့အညီ စားသုံး နိုင်မှာဆိုတော့ ဒီ့ထက်ကောင်းတဲ့ Motivation က ရှိနိုင်ပါတော့မလား။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် လိင်ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာကို ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း သဘောတူထားကြတာပဲဖြစ်ပါတယ်။ လေ့လာချက်များအရ ဆေးလိပ်သောက်တဲ့ အမျိုးသားအများစုထံတွင် ရွှေပန်းညှိုးရခြင်း ပြဿနာကို ကြုံတွေ့ရတယ်လို့ သိရှိရပါတယ်။ ဆေးလိပ်သောက်ခြင်းသည် သုတ်ပိုး အရေအတွက်နှင့် ကွာလတီကို ကျဆင်းသွားစေပါတယ်။ ဒါ့အပြင် လိင်တံဆီ သွေးများ ပေးပို့ရတဲ့ သွေးကြောငယ်များကို ပျက်စီးသွားစေပြီး ကွီးတို့ရဲ့ ညီလေး အိပ်ရာ မနိုးလာအောင် တွန်းပို့နေတဲ့ အဓိကတရားခံကတော့ ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။
စိတ်ဖိစီးမှုများကို ဖယ်ရှားပါ
စိတ်ဖိစီးမှုများသည်လည်း ကွီးတို့ရဲ့ လိင်ကျန်းမာရေးကို အားနည်းသွားစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟိုစိတ် ဒီစိတ်တွေ လျော့နည်းသွားပြီး ကွီးတို့ရဲ့ ရွှေပန်းကလည်း ပြန်လည် လန်းဆန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ထိုကဲ့သို့ မဖြစ်ဖို့ဆိုရင် စိတ်ဖိစီးမှုများကို လျော့ချပစ်ဖို့ လိုအပ်ပါတယ်။
အသက်ရှု လေ့ကျင့်ခန်း များများ ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း တို့သည် စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်ပြီး ကွီးတို့ရဲ့ လိင်ကျန်းမာရေးကို ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးပါလိမ့်မယ်။
ကွီးတို့ရော ကျန်းမာရေးနဲ့အညီ စားသုံးနိုင်ဖို့အရေး ဘယ်လိုမျိုး ဂရုစိုက်လေ့ရှိပါသလဲ။
Source: Healthcentral
Featured Image: Freepik