တက်တူးဆိုရင် သေးသေးမွှားမွှား မကြိုက်ပဲ ရှယ်ကြီးတွေပဲ ဖြုတ်ချင်တဲ့ ကွီးတို့က သပ်သပ်ကို ရှိပါတယ်။ အရွယ်အစား ခပ်ကြီးကြီးနဲ့ အမိုက်စား တက်တူးပုံတွေ ဆေးတင်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ အကျယ်ဆုံး ၊ အပြန့်ဆုံးနဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောပြင်ဟာ အကောင်းဆုံး နေရာတစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ ကျောအပြည့် တက်တူးထိုးတာဟာ အချိန်ပေးရသလို နာကျင်မှုနဲ့ ငွေကုန်ကြေးကျကလည်း များတယ်ဆိုပေမယ့် ရေးထိုးပြီးသွားချိန်မှာတော့ အချိန်ပေးရကျိုး ၊ ငွေကုန်ရကျိုး ၊ အနာခံရကျိုးနပ်တဲ့ သူမတူတဲ့ အပြောင်မြောက်ဆုံး ရလဒ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျောအပြည့် ဖြည့်မယ်လို့ စိတ်ကူးထားတဲ့ တက်တူးချစ်သူကွီးတို့အတွက် ရွေးချယ်စရာ အမိုက်စား တက်တူး အိုင်ဒီယာအချို့ကို မျှဝေပေးပါမယ်။

(၁) သစ်ပင်အိုနဲ့ တိမ်ဆိုင် တက်တူးဒီဇိုင်း

Tree Back Tattoo

Photo : The Trend Spotter

အနုပညာဆန်ဆန် တက်တူးပန်းချီကားတစ်ချပ် ကျောအပြည့် တင်ချင်တယ်ဆိုရင် သစ်ပင်အိုနဲ့ တိမ်ဆိုင် တက်တူး ဒီဇိုင်းက ရွေးချယ်စရာ တစ်ခုပါ။ ဆေးသားနက်နက် ကောက်ကြောင်းတွေနဲ့အတူ ရှိတ်တွေ ၊ လှိုင်းတွေ ၊ အလင်းအမှောင်တွေ အားလုံးပေါင်းစပ် ရေးထိုးထားရတာ ဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိပြီး ထင်ရှားပေါ်လွင်မှုအပြည့် ရှိစေပါတယ်။ ကျောပြင်ပေါ်မှာ နေရာလပ်မကျန် အပြည့်ဖြုတ်ချင်ပါတယ်ဆိုတဲ့ ကွီးတို့ကတော့ လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။

(၂) Dragon တက်တူးဒီဇိုင်း

Dragon Back Tattoo

Photo : The Trend Spotter

စွမ်းအားပြင်းတဲ့ ဒဏ္ဍာရီလာ သတ္တဝါ Dragon တွေကတော့ ယောကျာ်းဆန်ပြီး ရဲရင့်မှုနဲ့ ခွန်အားကို ကိုယ်စားမှုတဲ့အတွက် တက်တူးချစ်သူတွေ ရေးထိုးမှုအများဆုံး တက်တူးပုံရိပ်တစ်ခု ဖြစ်ပါတယ်။ နဂါးပုံတက်တူးတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမဆို လိုက်ဖက်မှုရှိပြီး ကျောအပြည့် ဖြည့်မယ်ဆိုရင်တော့ လုံးဝပြီးပြည့်စုံတဲ့ တက်တူးပုံတစ်ပုံ ရစေမှာ သေချာပါတယ်။ နောက်ကျော ကြွက်သားတွေရဲ့ အဖုအထစ်တွေအလိုက် နဂါးရဲ့ ခန္ဓာကိုယ် အတွန့်အကွေ့တွေကို ပုံဖော်ရေးထိုးခြင်းဖြင့် တက်တူးပုံက ပိုကြွပြီး အသက်ဝင်ထင်ရှားနေမှာ ဖြစ်ပါတယ်။

(၃) ဂျပန်ရိုးရာ တက်တူးဒီဇိုင်း

 Japanese Back Tattoo

Photo : The Trend Spotter

Irezumi လို့ခေါ်တဲ့ ဂျပန်ရိုးရာ တက်တူးတွေက တကယ်ပဲ အမြင်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိပါတယ်။ တောက်ပတဲ့ ရောင်စုံကာလတွေ ၊ ရှိတ်တွေနဲ့ သင်္ကေတ တစ်ခုစီတိုင်းမှာ မြုပ်ဝှက်ထားတဲ့ အဓိပ္ပါယ်များစွာ ရှိနေပါတယ်။ ကျောအပြည့် တက်တူး ရေးချင်သူတွေအတွက်တော့ ဂျပန်ရိုးရာ တက်တူးဒီဇိုင်းတွေက ရွေးချယ်စရာတစ်ခု ဖြစ်ပြီး တိရစ္ဆာန်ပုံ ၊ ပန်းပွင့်ပုံ ၊ တိမ်လွှာပုံ ၊ ရေလှိုင်းပုံ စသည်ဖြင့် ပေါင်းစပ်ပြီး ကာလာစုံဒီဇိုင်းစုံ စိတ်ကြိုက်ပုံဖော် ရေးထိုးလို့ ရပါတယ်။

(၄) ဖီးနစ်ငှက် တက်တူးဒီဇိုင်း

Phoenix Back Tattoo

Photo : The Trend Spotter

ဖီးနစ်ငှက်က အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ အသစ်တဖန် ပြန်လည်မွေးဖွားခြင်း ၊ လဲကျမှုတွေကနေ ပြန်လည်ရုန်းထခြင်းဆိုတဲ့ အဓိပ္ပါယ်တွေကို ကိုယ်စားပြုပါတယ်။ ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ ၊ ပြင်းထန်တဲ့ အတားအဆီးတွေကို ချိုးဖြတ်ကျော်လွှားနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ ယောက်ျားဆန်ဆန် ကွီးတို့အတွက်ကတော့ ဖီးနစ်တက်တူးတွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ကောင်းကင်ယံကနေ စူးစူးနစ်နစ် အတောင်ဖြန့် ပျံသန်းနေတဲ့ ဖီးနစ်ငှက်ပုံကတော့ ကွီးတို့ရဲ့ ကျောပြင်ပေါ်မှာ ခမ်းနားစွာရှိနေမယ့် တက်တူးတစ်ပုံဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

(၅) Geometric တက်တူးဒီဇိုင်း

Geometric Back Tattoo

Photo : The Trend Spotter

Abstract ဆန်ဆန် ရှိတ်တွေ ၊ ရှုပ်ထွေးတဲ့ လိုင်းတွေ ၊ စက်တွေ ၊ မျဉ်းတွေ ပေါင်းစပ်ထားတဲ့ Geometric တက်တူးတွေကတော့ အမျိုးသား တက်တူးချစ်သူတွေ ကြားမှာ လူကြိုက်များပြီးသား ဖြစ်ပါတယ်။ အများစုက လက်မောင်းနဲ့ လက်ဖျံလို နေရာတွေမှာ Geometric တက်တူးဒီဇိုင်းတွေကို ရေးထိုးကြပေမယ့် တကယ်တော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို အံဝင်ခွင်ကျ ဖြစ်ဖြစ် ၊ လိုက်ဖက်မှုရှိရှိ ရေးထိုးနိုင်တဲ့ စွယ်စုံရ တက်တူးဒီဇိုင်း တစ်ခုပါ။ Geometric တက်တူးကို အရွယ်အစား ခပ်ကြီးကြီး ၊ စိတ်ကြိုက်ပေါင်းစပ် ပုံဖော်ထားတဲ့ဒီဇိုင်းနဲ့ ရှယ်ကြီးရေးထိုးချင်တယ်ဆိုရင် ကွီးတို့ရဲ့ ကျောအပြည့် ယုံယုံကြည့်ကြည် ဖြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။

အခု ပြောပြပေးခဲ့တာကတော့ ကွီးတို့ရဲ့ ကျောပြင်ပေါ်မှာ ဘယ်အချိန်ပဲ ကြည့်ကြည့် အချိန်တိုင်း ခမ်းနားနေစေမယ့် ကျောအပြည့် အမိုက်စား တက်တူး အိုင်ဒီယာအချို့ပဲ ဖြစ်ပါတယ်။ တက်တူးချစ်သူ ကွီးတို့ရော ကျောအပြည့် တက်တူး ရေးထိုးဖို့ အစီအစဉ်ရှိပါလား???

Featured Photo : The Trend Spotter