အသားတွေထဲမှာတော့ ကြက်သား ဟာ လူကြိုက်အများဆုံးနဲ့ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ အသားတစ်မျိုး ဖြစ်ပါတယ်။ ‌နေရာမရွေး အလွယ်တကူရနိုင်ပြီး ချက်ပြုတ်ပြင်ဆင်ရ လွယ်ကူတဲ့အပြင် ချက်ပဲ စားစား ၊ ကင်ပဲ စားစား ၊ ကြော်ပဲ စားစား အရသာရှိတဲ့ ဟင်းလျာစတိုင်များစွာကို ချက်ပြုတ် စားနိုင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းပြီး ပရိုတင်းဓာတ် မြင့်မားစွာပါဝင်တဲ့ အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ် တော်တော်များများ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း အထူသင့်လျော်ပါတယ်။ ဒီနေ့မှာတော့ ကြက်သားကို ပုံမှန်အတိုင်း ချက်စားရတာ ငြီးငွေ့နေသူတွေအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြက်သား ဟင်းလျာ ၄ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) တရုတ်စတိုင် ကြက်သားဟင်း

ကြက်သား ဟင်းလျာ

Photo : BBC Good Food

ဒီ ဟင်းလျာ ကတော့ ဆီနည်းနည်းနဲ့ နနွင်း၊ ဂျင်း ၊ ဟင်းခတ်အမွှေးအကြိုင်လှိုင်လှိုင် ထည့်ချက်ရတဲ့ တရုတ်ရိုးရာစတိုင် ကြက်သား ဟင်းလျာ ပဲ ဖြစ်ပါတယ်။ ပဲစိမ်းနဲ့ နှစ်သက်ရာ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးကို ထည့်ချက်လို့ ရပါတယ်။ ချက်ချိန် ၄၅ မိနစ် ဝန်းကျင်လောက်သာ ကြာမြင့်ပြီး နူးနူးအိအိနဲ့ အရသာရှိတဲ့အတွက် ကလေးများလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒီဟင်းလျာဟာ မိသားစု နေ့လည်စာအတွက်တော့ အသင့်တော်ဆုံး ဟင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။

(၂) ကြက်သံပုရာကင်

ကြက်သား ဟင်းလျာ

Photo : BBC Good Food

ကြက်သံပုရာကင် ကတော့ ကြက်ကင်စတိုင် အမျိုးမျိုးရှိတဲ့ထဲကမှ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာထူးကဲတဲ့ ဟင်းလျာ တစ်မျိုးပါ။ မုန်လာဥအနီ ၊ ရွှေဖရုံသီး ၊ ကိုက်လံ တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့အတူ ကြက်ဝမ်းဗိုက်အတွင်းမှာ Rosemary ၊ သံပုရာနဲ့ ကြက်သွန်ဖြူ တို့ကို အစာသွပ်ပြီး ကင်ရတာပါ။ ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝ အချိုဓာတ်နဲ့ သံပုရာအနံ့ ခပ်သင်းသင်းမွှေးတဲ့ အရသာအရှိဆုံး ကြက်ကင်စတိုင် ဟင်းလျာဖြစ်ပါတယ်။

(၃) ကြက်ဒိန်ချဉ်

ကြက်သား ဟင်းလျာ

Photo : BBC Good Food

ဒီဟင်းလျာကတော့ အမြင်နဲ့တင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ သိနိုင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့ ကြက်ရင်ပုံသားကို ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အတူ ရောချက်ထားတဲ့ အရသာရှိတဲ့ ကြက်ဒိန်ချဉ် ဟင်းလျာဖြစ်ပါတယ်။ ကညွှတ်၊ ပဲနဲ့ ကြက်သွန်မြိတ်စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အတူ အရသာရှိတဲ့ ဆော့စ်အတွက်ကတော့ ကြက်သွန်ဖြူ ၊ သဘာဝဒိန်ချဉ် တို့ကို အဓိကသုံးထားပြီး ချက်ထားတာ ဖြစ်ပါတယ်။

(၄) ဂျပန်စတိုင် ကြက်သားလွှာကြော်

ကြက်သား ဟင်းလျာ

Photo : BBC Good Food

ဒီဟင်းလျာကတော့ ဂျပန်စတိုင် ကြက်သား လွှာအကြွပ်ကြော်ကို ဆော့စ်အနှစ် ချိုချိုဆိမ့်ဆိမ့်လေးဆမ်းပြီး အသီးအရွက်တွေနဲ့ တွဲစားရတဲ့ ဟင်လျားတစ်မျိုး ဖြစ်ပါတယ်။ ကြက်ရင်ပုံသားကို အတော်နေမထူမပါး အလွှာလေးတွေ လှီးပြီး ပေါင်မုန့်ခြောက်အမှုန့်ကပ်ကာ ရွှေအိုရောင်သမ်းလာတဲ့အထိ ကြော်ရမှာပါ။ ဆော့စ်အတွက်က ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ မုန်လာဥအနီ ၊ နနွင်း ၊ အုန်းနို့အနည်းငယ်နဲ့ ပျားရည်တို့ကို ဆောစ့်ပုံစံ ခပ်ပျစ်ပျစ်အနေအထားရတဲ့အထိ ချက်ပေးရမှာပါ။ ပြီးရင်တော့ ကြွပ်ကြွပ်ရွရွ ကြက်သားလွှာကြော်ပေါ်ကို ဆော့စ်အနှစ်လေး ဆမ်းပြီး သခွားသီး ၊ မုန်လာဥနီ ၊ နံနံပင်နဲ့ သံပုရာသီးလေးညှစ် ၊ ငရုပ်ကောင်းမှုန့်လေး ဖြူးပြီး အရသာရှိရှိ စားလို့ရပါတယ်။ ထမင်းဖြူ ပူပူလေးနဲ့ တွဲစားမယ်ဆိုရင် အလိုက်ဖက်ဆုံးပါပဲ။

Featured Photo : Healthline