လူရယ်လို့ ဖြစ်လာရင် ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ကြုံတွေ့နိုင်ပါတယ်။ များသောအားဖြင့် လုပ်ငန်းခွင်မှ အဆင်မပြေမှုတွေနဲ့ မိသားစုကိစ္စတွေက အရွယ်ရောက်ပြီးသားသူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ဖိစီးမှုတွေပါပဲ။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ လည်ပတ်ပုံအရ၊ ယှဉ်ပြိုင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ မနာလိုမုန်းထားမှုတွေ စတဲ့ အကြောင်းကြောင်းကြောင့် စိတ်ဖိစီးမှုတွေ တစ်နည်းနည်းနဲ့ ရနေကြပါတယ်။ Stress မရှိတဲ့သူလို့ မရှိပါဘူး။ အနည်းနဲ့ အများသာကွာဟမယ်၊ လူတိုင်းလူတိုင်း ကိုယ်စီအကြောင်းအရာတွေနဲ့ စိတ်ဖိစီးမှုတွေ ရှိတတ်ကြပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို ပြေပျောက်အောင် မကြိုးစားရင် အချိန်ကြာလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချသင့်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကြုံဆုံလာသမျှ Stress တွေကို ပြန်ပြီး တိုက်ထုတ်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပေးပါ

ကြုံဆုံလာသမျှ Stress

Photo : The Wildest

ကွီးတို့ စိတ်ဖိစီးနေတယ်ဆိုရင် ငြိမ်နေတာမျိုး၊ ခွေနေတာမျိုး မလုပ်ပါနဲ့။ ခန္ဓာကိုယ်လှုပ်ရှားမှု ပိုလုပ်ပေးပါ။ လေ့လာမှုတစ်ခုအရ စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်လှုပ်ရှားမှု ပြုလုပ်ခြင်းက စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်ပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ကျန်းမာရေးအခြေအနေများဖြစ်သည့် စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ခွေးလေးတွေ မွေးထားရင် အတူလမ်းလျှောက်ထွက်တာ၊ မနက်စောစောပြေးတာ၊ အေရိုးဗစ်လေ့ကျင့်ခန်းကို နာရီဝက်ခန့် ပြုလုပ်ပေးပါ။

Screen Time ကို လျှော့ချလိုက်ပါ

ကြုံဆုံလာသမျှ Stress

Photo : Only My Health

စိတ်ပင်ပန်းနေချိန်မှာ ဖုန်းသုံးတာ၊ Screen Time များတာက စိတ်ဖိစီးမှုအဆင့်ကို တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ လေ့လာမှုတစ်ခုမှာ အလွန်အကျွံစမတ်ဖုန်း အသုံးပြုမှုက  စိတ်ဖိစီးမှုအဆင့်နှင့် စိတ်ကျန်းမာရေးချို့ယွင်းမှုများနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Screen Time ကို လျှော့ချလိုက်ပြီး စိတ်ရော၊ ကိုယ်ပါ ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။

သီချင်းဆိုလိုက်ပါ

ကြုံဆုံလာသမျှ Stress

Photo : The Independent

ကွီးတို့ရေ စိတ်ဖိစီးမှု တွေကို လျင်လျင်မြန်မြန် လျော့ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်း တစ်ခုကတော့ သီချင်းတစ်ပုဒ်ကို ကျယ်ကျယ် အော်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုရင် ကားထဲမှာ ဖြစ်စေ၊ ရေချိုးခန်းထဲမှာ ဖြစ်စေ သီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါ အော်ဆိုလိုက်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကွီးတို့ရဲ့ ခံစားချက်တွေ ပိုမိုကောင်းမွန်လာပြီး စိတ်ဖိစီးမှုတွေကို လျှော့ကျစေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Photo : Fashionisers

စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ရင်ဆိုင်နေရပြီဆိုရင် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မိမိကိုယ့်ကို ဂရုစိုက်ခြင်းဖြင့် စိတ်ဖိစီးမှု အဆင့်ကို လျှော့ချပေးနိုင်ရုံသာမက ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာကာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပိုမိုကောင်းမွန်လာစေပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းမှာ တစ်ကိုယ်ရည် သန့်ရှင်း‌ရေးနဲ့ ကိုယ့်ရဲ့ အသွင်အပြင်ကို အလေးထားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားတာ၊ စာအုပ်ဖတ်တာ၊ ကိုယ်ဝါသနာပါတာလေးတွေ ပြုလုပ်တာ စတာတွေပဲ ဖြစ်ပါတယ်။

တရားထိုင်ပါ

Photo : Quick Web Bytes

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ တရားထိုင်ခြင်းပါပဲ။ တရားထိုင်ခြင်းဖြင့် ကွီးတို့ရဲ့ စိတ်တွေ တည်ငြိမ်လာကာ ကွီးတို့ရဲ့ စိတ်ထဲမှာ စွဲနေတဲ့ အတွေးတွေ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားနိုင်ဖို့ အကူအညီ ပြုပါလိမ့်မယ်။ ဒါ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းကောင်းတွေကို အသုံးပြုပြီး ကြုံဆုံလာသမျှ Stress တွေကို ကြံ့ကြံ့ခိုင် တိုက်ထုတ်လိုက်ပါ။

Source : Healthline

Featured Photo : Thorne