လူတစ်ယောက်ကို ကြည့်ကောင်းအောင် ပံ့ပိုးနေတဲ့ အရာတွေက အများကြီး ။ ပင်ကိုယ်ရုပ်ရည်အပြင် ဝတ်ထားတဲ့ အဝတ်အစား ၊ ပြင်ထားတဲ့ အပြင်အဆင် ၊ ကျန်းမာရေးလိုက်စားမှုနဲ့ နောက်ဆုံး စိတ်အခြေအနေအထိ ပါဝင်ပါတယ်။ ကြည့်ကောင်းတယ်ဆိုတာ တကယ်တော့ ဆွဲဆောင်မှုရှိတာပါပဲ။ ဆွဲဆောင်မှု ရှိတယ်ဆိုတာ ရုပ်ချောတယ်ဆိုတာထက်တောင် ပိုအရေးကြီးပါတယ်။ ဆွဲဆောင်မှု ရှိအောင်က ပြုပြင်ယူလို့ ရပါတယ်။ ဒီအတွက် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်နေဟန်ထား (Posture)

Handsome Man

Photo: Unsplash

သင့်ရဲ့ အမူအယာနဲ့ ကိုယ်နေဟန်ထားက သင်ဝတ်ထားတဲ့ အဝတ်အစားထက်တောင် သင့်ရုပ်ရည်ကို ပိုကြည့်ကောင်းအောင် အကူအညီပေးနိုင်ပါတယ်။ ရုပ်ချောပြီး လက်ပြင်ကုန်းတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ဟန်နဲ့ လှုပ်ရှားတတ်တဲ့ ရုပ်ရည်အသင့်အတင့်ပိုင်ရှင်က ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ အထိုင်များတဲ့သူတွေဟာ ရုပ်နေဟန်ထား Posture ပါ မမှန်တတ်ပါဘူး။ ဒီအတွက် အလွယ်ဆုံးနည်းလမ်းက ကျောရိုးနဲ့ ကြွက်သားတွေ သန်စွမ်းစေတဲ့ အားကစားတွေ လုပ်တာပဲ ဖြစ်ပါတယ်။

(၂) ဆံပင်ပုံစံ

Man Hairstyle

Photo: Unsplash

မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ညှပ်ထားရင်လည်း သင့်ကို ပိုကြည့်ကောင်းစေမှာပါ။ ဆံပင်ပုံစံအမျိုးမျိုး ရှိတဲ့အထဲမှာ အမျိုးသမီးတွေအမြင်အရ ယောင်္ကျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဆံပင်ဒီဇိုင်းဟာ ဆံပင်အတိုကနေ Medium Length ရှိတဲ့ဒီဇိုင်းလို့ ဆိုပါတယ်။ ဆံပင်အရှည်တွေ ခေတ်စားလာတယ်ဆိုပေမယ့် သိပ်ရှည်လွန်းတဲ့ ဆံပင်တွေက ယောင်္ကျားလေးတွေနဲ့ မလိုက်ဖက်သလို သဘာဝလည်း မကျပါဘူး။

(၃) အသားအရေ

Skin Care

Photo: Unsplash

ယောင်္ကျားတစ်ယောက်အတွက် ကျန်းမာတဲ့ အသားအရေရှိတာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ကျန်းမာတဲ့ အသားအရေဆိုတာ အသားအရေ အဖုအထစ် မရှိဘဲ ညီညာနေတာ ၊ ဝက်ခြံ /မှဲ့ခြောက်နဲ့ အမာရွတ် မရှိတာ ကို ပြောတာ ဖြစ်ပါတယ်။ အသားအရေကျန်းမာဖို့အတွက် အရမ်းကြီး Skin Care လုပ်စရာ မလိုပါဘူး။ ရေများများသောက်တာ ၊ အသီးအရွက်နဲ့ ကောက်ပဲသီးနှံများများ စားတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ လေ့လာမှုတစ်ခုအရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ၆ ပတ်ကြာ စားခိုင်းကြည့်ရာမှာ အသားအရေ အနီနဲ့အဝါ Skin Tone ဘက် ပိုဖြစ်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

(၄) အိပ်စက်မှု

Sleep

Photo: Unsplash

အိပ်ရေးပျက်တာ များလို့ မျက်ကွင်းတွေ ညိုပြီး အမြဲလိုလို ငူငူငိုင်ငိုင် ဖြစ်နေသူဟာ ရုပ်အခံရှိရင်တောင် ဆွဲဆောင်မှုအားနည်းတတ်ပါတယ်။ အိပ်ပျက်ခြင်းဟာ ရုပ်ရင့်ခြင်းနဲ့ စိတ်ဖိစီးမှုဒဏ်ပိုခံရခြင်းဆိုတဲ့ ဆိုးကျိုးတွေ ပေးပါတယ်။ အိပ်ရေးဝအောင် အိပ်တဲ့သူတွေဟာ စိတ်ရောရုပ်ပါ ကြည်လင်ပါတယ်။ အသားအရေလည်း ပိုပြီး နုပျိုစိုပြေစေပါတယ်။ ကိုယ်အလေးချိန်လည်း မျှခြေမှန်စေပါတယ်။

(၅) အပြုံး

Smile

Photo: Unsplash

အလှပြင်ပစ္စည်းမလိုဘဲ စရိတ်စကအနည်းဆုံးနဲ့ လှအောင်ပြင်နိုင်တဲ့အရာက အပြုံးပါ။ အပြုံးတွေဟာ ဈေးအသက်သာဆုံး တန်ဖိုးကြီးအလှကုန်တစ်မျိုး ဖြစ်ပါတယ်။ ပျော်ရွှင်ပြုံးရယ်လွယ်သူဟာ မျက်နှာကိုက ချစ်စရာကောင်းနေပြီး ဆွဲဆောင်မှုရှိနေပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေခြင်းက စိတ်ဖိစီးမှုလျော့ကျစေပြီး ချက်ချင်းဆိုသလို ရုပ်ရည်ကြည်လင်စေပါတယ်။ ဒါကြောင့် မျက်နှာမှာ ဘာမှ မလိမ်းဖြစ်ရင်တောင် ပြုံးတဲ့အကျင့်လေးတော့ လုပ်ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo: Medium