ကွီး တို့က ကိုယ့်ရဲ့ အသားအရေကို အရေးအကြောင်း ကင်းစင်ပြီး ဘေဘီစကင်လေးလို နုဖတ် အုအက်စေချင်ပါသလား။ ဒါဆိုရင်တော့ မပျင်းမရိဘဲနဲ့ မျက်နှာပေါင်းတင်ဖို့ လိုအပ်လာပါပြီ။
မျက်နှာပေါင်းတင်မယ်ဆိုရင် ဈေးကွက်ထဲမှာလည်း ရယ်ဒီမိတ် ပေါင်းတင်ကပ်ခွာလေးတွေလည်း အလွယ်တကူ ဝယ်ယူလို့ ရနေပြီမို့လို့ ထိုပေါင်းတင်ကပ်ခွာများနဲ့လည်း ကပ်နိုင်ပါတယ်။
ဒါမှမဟုတ် အိမ်မှာရှိတဲ့ ပစ္စည်းများနဲ့ သဘာဝ နည်းအရ ပေါင်းတင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပေါင်းတင်နည်းနဲ့ ပေါင်းတင်နိုင်ပါတယ်။
ပေါင်းတင်နည်း (၁)
ဒီပေါင်းတင်နည်းကတော့ ကွီး တို့ရဲ့ မျက်နှာပေါ်က အရေးအကြောင်းများကို ဖယ်ရှားပေးပြီး အသားအရေကို အစိုဓာတ် ဖြည့်ပေးကာ နုဖတ် သွားစေမှာပါ။ လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ငှက်ပျောသီး၊ ဒိန်ချဥ်နှင့် ပျားရည်တို့ပဲဖြစ်ပါတယ်။
၁။ ငှက်ပျောသီးမှည့် တစ်ဝက်ကို အနှစ်များဖြစ်သွားအောင် ချေလိုက်ပါ။
၂။ ဒိန်ချဥ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို စောစောက ငှက်ပျောသီးအနှစ်နဲ့ သမအောင် ရောမွှေလိုက်ပါ။
၃။ ထို့နောက် အရင်ဦးဆုံး မျက်နှာကို သန့်ရှင်းသွားအောင် မျက်နှာသစ်ကာ သန့်စင်လိုက်ပါ။
၄။ ပြီးတဲ့အခါ စောစောက အရောအနှောများကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးကာ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အထိ ပေါင်းတင်ပေးလိုက်ပါ။
၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးနိုင်ပါပြီ။
ပေါင်းတင်နည်း (၂)
ဒီပေါင်းတင်နည်းကတော့ ခရမ်းချဥ်သီးနဲ့ သံပုယိုရည်တို့ လိုအပ်ပါလိမ့်မယ်။
၁။ ခရမ်းချဥ်သီး တစ်ခြမ်းကို အရည်များ ရလာအောင် ပြုလုပ်ပါ။ ထို့နောက် သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေပါ။
၂။ ထို့နောက် မျက်နှာပေါ်မှာ လိမ်းကျံပေးလိုက်ကာ ၁၅ မိနစ်ခန့် ပေါင်းတင်ပါ။
၃။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်လို့ရပါပြီ။
မျက်နှာ မပေါင်းတင်ခင်မှာ နှုတ်ခမ်းမွှေးတွေ ရိတ်သင့်သလား
လိုတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ရိတ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါမှသာလျှင် မျက်နှာပြင် တစ်ခုလုံးရှိ အသားအရေတွေ အကုန်လုံးက အစိုဓာတ်ကို ရရှိမှာဖြစ်ပါတယ်။ မျက်နှာပေါင်းတင်တဲ့အခါ နှုတ်ခမ်းမွှေးများကိုပါ နူးညံ့ပျော့ပျောင်းသွားစေပြီး မွှေးညှင်းပေါက်များကိုပါ အစိုဓာတ် ပေးစွမ်းနိုင်ပါတယ်။
ဒါပေမဲ့ တစ်ခု သတိထားရမှာကတော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ပြီးပြီးချင်းမှာပဲ မျက်နှာ မပေါင်းတင်လိုက်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမွှေး ရိတ်ထားတဲ့အရှိန်ကြောင့် အသားအရေက စပ်ဖျဥ်းဖျဥ်း ဖြစ်နေမှာဖြစ်ပြီး ထိုအသားအရေပေါ်မှာမှ မျက်နှာ ထပ်ပေါင်းတင်လိုက်တဲ့အခါ နေလို့ ထိုင်လို့ ကောင်းတော့မှာမဟုတ်ပါဘူး။
နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးပေါ်သို့ မျက်နှာပေါင်းတင် ကပ်ခွာ ကပ်လို့ရလား
ကွီးတို့က ကိုယ့် မျက်နှာပေါ်က အမွှေးအမျှင်များကို တန်ဖိုးထားတယ်ဆိုရင်တော့ မျက်နှာပေါင်းတင် ကပ်ခွာကို နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးတွေပေါ်သို့ မကပ်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေးအောက်နားက အသားအရေပေါ်မှာ ဝက်ခြံအဖုအပိန့်များ၊ အသားအရေ ခြောက်သွေ့ခြင်းတို့ကိုပါ ခံစားနေရတယ်ဆိုရင်တော့ နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေးများပေါ်မှာပါ မျက်နှာပေါင်းတင် ကပ်ခွာ ကပ်နိုင်ပါတယ်။ အသားအရေနဲ့ မျက်နှာ ပေါင်းတင် ကပ်ခွာနဲ့ သေသေချာချာ ထိကပ်ဖို့တော့ ဂရုစိုက်ရပါလိမ့်မယ်။
မနက်မှာ မျက်နှာပေါင်းတင်သင့်သလား၊ ညဘက်မှာ မျက်နှာပေါင်းတင်သင့်သလား။
အချိန်ကတော့ ကွီးတို့ စိတ်ကြိုက်ပါပဲ။ တကယ်လို့ ကွီး တို့က တစ်နေ့ခင်းလုံးမှာ ကိုယ့်အသားအရေလေးက ကြည်လင်စိုပြေနေပြိး နုဖတ် အုအက်တဲ့ အသွင်လေး ပေါ်နေစေချင်ရင်တော့ မနက်ခင်းမှာ မျက်နှာပေါင်းတင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့။ မနက်ပိုင်းမှာ အချိန်မရဘူး။ ညပိုင်းပဲ အဆင်ပြေတယ်ဆိုရင်တော့ ညပိုင်းမှာ မျက်နှာပေါင်းတင်လို့ရပါတယ်။ ဒါဆိုရင်တော့ အိပ်ပျော်နေစဥ် တောက်လျှောက်လုံးမှာလည်း ပေါင်းတင်ထားတဲ့ အရှိန်နဲ့ အသားအရေက ပြန်လည် အားပြည့်သွားမှာပဲဖြစ်ပါတယ်။
တစ်ပတ်လျှင် ဘယ်နှကြိမ် မျက်နှာပေါင်းတင်သင့်သလဲ
ကိုယ့်ရဲ့ အသားအရေပေါ် မူတည်ပြီး မျက်နှာပေါင်းတင်တဲ့ အကြိမ်ရေကို ပြောင်းလဲသင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ပတ်လျှင် အနည်းဆုံး ၁ ကြိမ်မှ အများဆုံး ၃ ကြိမ်အထိ မျက်နှာပေါင်းတင်ပေးရမှာပါ။ ဒါပေမဲ့ ကွီးတို့ အသားအရေက ခြောက်သွေ့တဲ့ အသားအရေဆိုရင်တော့ တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိသာ ပေါင်းတင်သင့်ပါတယ်။
တစ်ညလုံး ကပ်ထားလို့ရလား
မျက်နှာပေါင်းတင်တဲ့အခါ အချိန် အကန့်အသတ်ကိုလည်း သေချာ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ရယ်ဒီမိတ် မျက်နှာပေါင်းတင်ကပ်ခွာလေးတွေ သုံးတဲ့အခါ အညွှန်းပေါ်မှာ ဖော်ပြထားတဲ့အချိန်အတိုင်းသာ ကပ်သင့်ပါတယ်။ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး မကပ်သင့်ပါဘူး။ ဒါ့အပြင် တစ်ညလုံး ကပ်ထားပြီး အိပ်ခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ တစ်ညလုံး ကပ်ထားတဲ့အခါ ပြောင်းပြန်အကျိုးသက်ရောက်မှုသာ ကြုံတွေ့ခံစားရမှာပါ။ ပေါင်းတင်ကပ်ခွာက အသားအရေကို ရေဓာတ် ဖြည့်တင်းပေးရမယ့်အစား မျက်နှာဆီက အစိုဓာတ်ကို ပေါင်းတင်ကပ်ခွာက ပြန်လည်စုပ်ယူသွားမှာပဲဖြစ်ပါတယ်။ တစ်ချို့ဆိုရင် တစ်ညလုံး ကပ်ထားမိတဲ့နောက် မနက်ရောက်လာတဲ့အခါ ပေါင်းတင်ကပ်ခွာက အသားပေါ်မှာတင် ခြောက်သွားပြီး ခက်ခက်ခဲခဲ ပြန်ခွာယူရတာမျိုးတွေပါ ရှိတတ်ပါတယ်။
ကွီးတို့ရော တစ်ညလုံး မျက်နှာပေါင်းတင်ထားတတ်ပါသလား။
Source: Siobeauty
Featured Image: Freepik