ဘဝကြီးမှာ အကောင်းဆုံးအရာတစ်ခုကတော့ အမြဲတမ်းလေ့လာသင်ယူနေရခြင်းပဲဖြစ်ပါတယ်။ နေ့သစ်တစ်ရက်ရောက်ရှိလာပြီဆိုတာနဲ့ပဲ လေ့လာသင်ယူစရာအသစ်တွေက အမြဲတမ်းစောင့်ကြိုနေတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့လူပုဂ္ဂိုလ်များကို ကြည့်လိုက်တဲ့အခါ သူတို့သည် အဆက်မပြတ် လေ့လာသင်ယူနေတာ တွေ့ရပါတယ်။ ဥပမာ Warren Buffet သည် သူ့ရဲ့အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးကာ ဗဟုသုတများကို ရှာဖွေဆည်းပူးလေ့ရှိပါတယ်။
ဘဝကို ပြည့်ပြည့်စုံစုံနဲ့ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ သင်သည် ဘယ်တော့မှ လေ့လာသင်ယူမှုမရှိပါက ဘဝသည် ထိုနေရာတွင်သာ ရပ်တန့်နေမှာဖြစ်ပြီး အောင်မြင်မှု နဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။
ဒါဆိုရင် ဘာ့ကြောင့် အသစ်အသစ်သော အရာများကို အမြဲတစေ လေ့လာသင်ယူသင့်သလဲ။
သင့်ကို ပိုမိုပျော်ရွှင်လာအောင် ဖန်တီးပေးလို့
လေ့လာသင်ယူခြင်းသည် ခက်ခဲပြီး တခါတရံမှာ စိတ်ရှုပ်ထွေးစရာကောင်းပါတယ်။ ဒါပေမဲ့ ပြီးမြောက်အောင်မြင်စွာ သင်ယူပြီးပါက ခံစားရတဲ့ ခံစားချက်သည် ဘာနဲ့မျှ မလဲနိုင်အောင် ပျော်ရွှင်ပီတခံစားရပါလိမ့်မယ်။ ကိုယ် ရင်းနှီးမြှုပ်နှံတဲ့ အချိန်ပေါ် မူတည်ပြီး ကိုယ့်ရဲ့ တိုးတက်မှုသည်လည်း တဖြည်းဖြည်းပြောင်းလဲလာမှာဖြစ်ပါတယ်။
ကိုယ့်အဖွဲ့အတွက် အစားထိုးမရနိုင်တဲ့ တန်ဖိုးရှိလူသားတစ်ယောက်ဖြစ်အောင် ကူညီပေးလို့
အမြဲတစေ လေ့လာသင်ယူနေသောသူသည် ဘာကိုမှ မလေ့လာသောသူထက် အမြဲတမ်းခြေတစ်လှမ်းစောပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်ခြင်းသည်လည်း အတွေ့အကြုံက သင်ပေးတဲ့အရာပဲဖြစ်ပါတယ်။
သင်သည် အမြဲတမ်းလေ့လာသင်ယူနေတဲ့အခါ သင့်အဖွဲ့အတွက် အားထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်ပြီး ကိုယ့်လူမှုပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတဲ့လူသားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်အောင် သင်ပေးလို့
မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတဲ့ စကားလေးကို သင်ကြားဖူးပါလိမ့်မယ်။ ပညာရည်မပြည့်ဝသူများသာလျှင် မောက်မားထောင်လွှားပြီး အခြားသူများကို အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြပါတယ်။
သို့သော ပညာရည်ပြည့်ဝသူများကျပြန်တော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ဆက်ဆံတတ်ပြီး ဘဝကို စမတ်ကျကျ ဖြတ်သန်းတတ်ကြပါတယ်။ သူတို့သည် ဘယ်တော့မှ ကိုယ် ဘယ်လောက်တော်ကြောင်း တတ်ကြောင်း ကြွားဝါလေ့မရှိကြပါဘူး။ အရာရာကို အလုပ်နှင့်သာ သက်သေပြလေ့ရှိပါတယ်။ ကွီးတို့သည် ထိုကဲ့သို့သောလူသားမျိုးဖြစ်လာပါက ဘဝကြီးသည် နေထိုင်ရတာ ပိုမိုပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်။
အခြားသူများအတွက် လေးစားအားကျဖွယ်ရာ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်စေလို့
ကိုယ် သင်ယူထားတဲ့အကြောင်းအရာကို တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်တတ်မြောက်ချင်ပါသလား။ အခြားသူကို ပြန်လည်သင်ကြားပြသပေးလိုက်ပါ။ အခြားသူများကို သင်ကြားပေးခြင်းဖြင့် သင်ကိုယ်တိုင် နားလည်ရအောင် ပြုလုပ်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ပညာရပ်ကို ပြန်လည်မျှဝေပေးခြင်းအားဖြင့်လည်း ပိုမိုလှပတဲ့အနာဂတ်ကို ဖန်တီးနိုင်ပါတယ်။
အောင်မြင်တဲ့လူအများစုကို လူအများလေးစားအားကျကာ ကိုယ့်အိုင်ဒေါအဖြစ် သတ်မှတ်ကြပါတယ်။ သင့်ကိုလည်း အခြားသူတွေက မလေးစားဘူးလို့ မပြောနိုင်ပါဘူး။ သင့်ကို စံပြပုဂ္ဂိုလ်အဖြစ် ထားမယ့်သူတွေ တဖြည်းဖြည်းများပြားလာပါလိမ့်မယ်။
Source: Inc.com
Featured Image: Informationpalace