နေရင်းထိုင်ရင်း အားအင်ကုန်ခမ်းတဲ့ ခံစားချက်မျိုး ကွီးတို့ ကြုံဖူးပါသလား။ လေ့လာမှုတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် စွမ်းအင်လျော့ကျမှု ပြဿနာ ပိုအဖြစ်များပြီး ဒါဟာ စားသောက်နေထိုင်မှု ပုံစံ ၊ အိပ်စက်မှု အရည်အသွေးနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ကို အားအင်ကုန်ခမ်း မောပန်းနေစေတဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းတွေကို သတိထားဆင်ခြင်နိုင်အောင် ပြောပြပေးပါမယ်။
(၁) အစားအသောက်
Photo : Eat This Not That
ကျန်းမာရေးနဲ့ ညီညွှတ်မျှတမှုမရှိတဲ့ စားသောက်မှုပုံစံနဲ့ အာဟာရ ပြည့်မှီအောင် မစားတာဟာ ခန္ဓာကိုယ်မှာ အဓိက စွမ်းအင်လျော့ကျစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တာအတွင်းမှာ လိုအပ်တဲ့ ကယ်လိုရီ ၊ အဆီဓာတ် ၊ ပရိုတင်းဓာတ်နဲ့ အခြားသော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ် ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ စွမ်းအင်ကို ထုတ်ပေးပါတယ်။ အာဟာရမျှတမှုမရှိဘူး ၊ ကောင်းမွန်တဲ့ စားသောက်မှုပုံစံကို မထိန်းသိမ်းဘူးဆိုရင် ကွီးတို့ အချိန်မရွေး မောပန်းနွမ်းနယ်တာ ၊ ပင်ပန်းနေသလို ခံစားရတာတွေ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားမှု
Photo : Premiere Center for Health and Wellness
လေ့ကျင့်ခန်းလုပ်ရင် ပိုပင်ပန်းမှာပေါ့လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ဟာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာတစ်ခုတော့ ရှိကိုရှိရပါမယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက Adrenaline နဲ့ စွမ်းအင်ပမဏကို တိုးတက်စေတာကြောင့် တစ်နေ့တာအတွင်းမှာ နာရီဝက်ကနေ ၄၅ မိနစ်ခန့်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုံးဝမလုပ်တာနဲ့ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကတော့ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်ပါတယ်။
(၃) ကျားဟော်မုန်း
Photo : Premiere Center for Health and Wellness
တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ပမဏအတွက် မရှိမဖြစ် အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်တဲ့ ပမဏဟာ လျော့နည်းလာပါတယ်။ ကျားဟော်မုန်း ကျဆင်းတာက စွမ်းအင်ကျဆင်းခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေနိုင်တာကြောင့် တက်စတိုစတီရုန်း (Testosterone) ပမဏ သင့်တင့်မျှတမှု ရှိစေဖို့ သင့်လျော်တဲ့ အလေ့အကျင့် နေထိုင်မှုပုံစံတွေနဲ့ ထိန်းသိမ်းဖို့ လိုပါတယ်။
(၄) အိပ်စက်မှု
Photo : Harvard Gazette – Harvard University
ကွီးတို့ အကြောင်းအရင်းမဲ့ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေရင်တော့ အိပ်စက်မှု အရည်အသွေးကို တချက်လေး ပြန်သုံးသပ်သင့်ပါတယ်။ အဓိက အားဖြင့် အိပ်စက်မှု ပုံစံကောင်းကောင်း မရှိဘူးဆိုရင် နောက်တစ်နေ့မှာ အလွန်အကျွံ အိပ်ငိုက်တာ ၊ စိတ်မကြည်တာ ၊ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၇ နာရီကနေ ၈ နာရီခန့် ကောင်းစွာ အိပ်စက်အနားယူဖို့ လိုအပ်ပြီး ကောင်းမွန်တဲ့ အိပ်စက်မှု အရည်အသွေးကို ထိန်းထားဖို့ လိုပါတယ်။
(၅) သိုင်းရွိုက်ပြဿနာ
Photo : Asian Hospital Faridabad
သိုင်းရွိုက်ဂလင်းတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ အခြား ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးနေတဲ့ အရေးကြီး ဟော်မုန်းတွေကို ထုတ်လုပ်ပေးနေပါတယ်။ သိုင်းရွိုက်ဂလင်းတွေက အချို့သော ဟော်မုန်းတွေ လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့အခါမှာ Hypothyroidism လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခု ဖြစ်ပေမယ့်လည်း အမျိုးသားတွေမှာလည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ Hypothyroidism ဖြစ်ပါက အချိန်တိုင်းနီးပါး ပင်ပန်းနွမ်းနယ်တာ ၊ အစာစားချင်စိတ် အပြောင်းအလဲဖြစ်တာ ၊ အအေးဒဏ်ကိုမခံနိုင်တာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
Source : Medical News Today
Featured Photo : Endocrine Associates of West Village PC