လူကြီးလူကောင်းဆန်တယ်ဆိုတာ ဝတ်စားဆင်ယင်ပုံ တစ်ခုတည်းမှာပဲ မူတည်တာမဟုတ်ဘဲ ကွီးတို့ရဲ့ အပြောအဆို၊ အပြုအမူ၊ သူတစ်ပါးအပေါ် လေးစားမှုနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်မှု စတာတွေပါဝင်ပါတယ်။ ကိုယ်ကျင်လည်ရတဲ့ နယ်ပယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ စစ်မှန်ပြီ လေးစားထိုက်တဲ့ လူကြီးလူကောင်း ဖြစ်ဖို့ဆိုရင် ရှိသင့်ရှိထိုက်တဲ့ အချက်လေးတွေ၊ လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ကို Gentleman တစ်ယောက်ဖြစ်စေဖို့ လိုက်နာသင့်တဲ့ အကြံပြုချက်များကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

လေးစားမှုရှိပါ

ကွီးတို့ကို Gentleman

Photo : Michael Laitman- Medium

ဘယ်လိုဆက်ဆံ‌ရေးမှာမဆို တစ်‌ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု ရှိပါတယ်။ သူတစ်ပါးကို လေးလေးစားစားဆက်ဆံခြင်းက လူကြီးလူကောင်းဆန်တဲ့ အပြုအမူပါ။ ဒါ့ကြောင့် ကွီးတို့ ပတ်ဝန်းကျင်က လူတိုင်းကို ကိုယ်ရဲ့ မိန်းကလေးအပါအဝင် လေးလေးစားစားဆက်ဆံပါ။ တစ်ဖက်လူက ဘယ်လိုပဲ ရိုင်းစိုင်းတဲ့လူ ဖြစ်ပါစေ၊ ကိုယ့်ဘက်က လေးစားမှုကို အရင်ပြသလိုက်ပါ။

အချိန်ကို အလေးထားပါ

ကွီးတို့ကို Gentleman

Photo : Real Man Real Style

အချိန်စီမံခန့်ခွဲမှုဟာ လူကြီးလူကောင်းတစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကိုယ့်အချိန်ကို ကိုယ်ကိုယ်တိုင် လေးစားမှသာ သူတစ်ပါးကလည်း လေးစားမှာပါ။ ဒါကြောင့် ဘယ်လိုချိန်းဆိုမှုကို မဆို ဒါမှမဟုတ် ဘယ်လိုကိစ္စရပ်ကိုမဆို အချိန်တိကျဖို့ အလေးထားပါ။ သူတစ်ပါးရဲ့ အချိန်ကိုလေးစားခြင်းကလည်း လူကြီးလူကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်ပါပဲ။

သူတစ်ပါးပြောတာကို အလေးထားနားထောင်ပါ

ကွီးတို့ကို Gentleman

Photo : ThoughtCo

ပေါင်းသင်းဆက်ဆံရေးမှာ အ‌ရေးပါတဲ့ အချက်တစ်ချက်ကတော့ သူတစ်ပါးပြောစကားများကို အလေးထားနားထောင်ပေးတာပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်စေ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝမှာပဲ ဖြစ်စေ၊ တစ်ပါးသူစကားပြောတဲ့ အခါ စိတ်ဝင်စားမှု ပြသပြီး အလေးထားနားထောင်ပေးပါ။ ပြန်လည်ဆွေးနွေးပေးပါ။ ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ဒါကလည်း တစ်ပါးသူအပေါ် ကိုယ့်ရဲ့အလေးထားမှုကို ပြသရာရောက်ပြီး လူကြီးလူကောင်းဆန်တဲ့ အပြုအမူပါပဲ။

ပွင့်လင်းရိုးသားမှု ရှိပါစေ

ကွီးတို့ကို Gentleman

Photo : Adzuna

လိမ်လည်လှည့်ဖျားတတ်သူ၊ ကွေ့ဝိုက်တတ်သူကို လူကြီးလူကောင်းလို့ ပြောလို့မရပါဘူး။ အထူးသဖြင့် သမီးရည်းစားဆက်ဆံရေးနဲ့ ပတ်သတ်လာလျှင် ရိုးသားမှုသည် အမှန်တကယ်ပင် အကောင်းဆုံး မူ ဖြစ်ပါတယ်။ ဘယ်သူကမှတော့ မရိုးမသားနဲ့ လိမ်လည်တတ်တာကို မကြိုက်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘက်က ပွင့်လင်းရိုးသားစွာ ဆက်ဆံပါ၊ တစ်ဖက်သူကလည်း ထပ်တူတုံ့ပြန်ပါလိမ့်မယ်။

ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပါ

Photo : Best Life

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး သူ့နေရာနဲ့သူ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပါ။ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ခြင်းဆိုသည်မှာ စျေးကြီးတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်စရာမလိုပါဘူး။ နေရာဒေသအလိုက်၊ ပွဲအခမ်းအနားအလိုက် လိုက်ဖက်ညီညီ သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်တတ်ရင် အဆင်ပြေပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုပါ

Photo : Nature.edu.vn

တစ်ကိုယ်ရည်သန့်ရှင်းရေးက လူကြီးလူငယ်မ‌ရွေး ကျန်းမာရေးအတွက်သာမက လူကြားထဲမှာ လှုပ်ရှားသွားလာနေတဲ့ လူတိုင်းအတွက် အရေးကြီးပါတယ်။ နေ့စဉ်ပုံမှန် ရေချိုးသန့်စင်ခြင်း၊ မျက်နှာ အမွှေးအမျှင်များကို ကောင်းမွန် သပ်ရပ်သွာထားရှိခြင်း၊ ခန္ဓာကိုယ်အနံ့အသက် ကင်းစေရန် အလေးထားခြင်း၊ ဆံပင်ကိုလည်း သပ်ရပ်ကြည့်ကောင်းစွာ ထားခြင်း စတာတွေကို ပုံမှန်ပြုလုပ်ပါ။ သန့်ရှင်းသပ်ရပ်နေခြင်းကလည်း လူကြီးလူ‌ကောင်းဆန်တဲ့ အသွင်အပြင်ကို ရ‌စေပါတယ်။

ကြွားဝါခြင်း မလုပ်ပါနဲ့

Photo : Examples YourDictionary

ကိုယ့်ရဲ့ စည်းစိမ်ချမ်းသာ၊ ငွေကြေးနဲ့ ပတ်သတ်ပြီး ကြွားဝါခြင်း၊ ကိုယ့်ရဲ့ ငွေကြေး အရှိန်အဝါဖြင့် မောက်မာသော ပုံစံဖြင့် သူတစ်ပါးကို ဆက်ဆံခြင်းမပြုပါနဲ့။ ဒါက လုံးဝကို လူကြီးလူကောင်းဆန်တဲ့ အပြုအမူမဟုတ်ပါဘူး။ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာကို ထုတ်ဖော်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာ ကိုယ်ကိုယ်တိုင် သိထားရင် လုံလောက်ပါပြီ။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ကွီးတို့ကို စစ်မှန်ပြီး လေးစားထိုက်တဲ့ Gentleman တစ်ယောက်ဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

Source : The Stage Company

Featured Photo : The Gentleman Store