ခရီးသွားခြင်း ရဲ့ ကောင်းကျိုးအဖုံဖုံကိုတော့ အားလုံးပဲသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ခရီးတစ်ခု ထွက်တယ်ဆိုတာ ထင်သလောက်မလွယ်တာတော့ အမှန်ပါ။ အချိန်ရောငွေရောပေးရတဲ့အပြင် ခရီးစဉ်တစ်လျောက်လုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ရေးအတွက် ကြိုတင်စီစဉ်ရတဲ့ ခေါင်းရှုပ်စရာ ကိစ္စတွေကလည်း များပါတယ်။ ဒီအတွက်ကြောင့် ခရီး တစ်ခုထွက်တဲ့အခါ ခရီးသွားရကျိုးနပ်အောင် အခုပြောပြမယ့် အရာတွေကို လုပ်ဖြစ်အောင် လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) လမ်းလျှောက် ခရီးစဉ်တစ်ခု ဖန်တီးပါ

Photo : Tortuga Blog
လမ်းလျှောက် ခရီးစဉ်ဆိုတာ သွားရောက်လည်ပတ်တဲ့ နေရာဒေသ တစ်ကြောကို မည်သည့် သယ်ယူပို့ဆောင်ရေး ယာဉ်မှမသုံးပဲ ခြေလျှင်လျှောက်သွားခြင်းကို ဆိုလိုပါတယ်။ ဒီနည်းကို ကြိုက်တဲ့သူလည်းရှိသလို ပင်ပန်းလို့ မကြိုက်တဲ့ သူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ လမ်းလျှောက် ခရီးစဉ်ကသာလျှင် ကိုယ်သွားရောက်လည်ပတ်မယ့် နေရာဒေသတစ်ခု ဒါမှမဟုတ် မြို့နဲ့ အနီးကပ်ဆုံး ထိတွေ့ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။
စာအုပ်တစ်အုပ်ဖတ်တာ ၊ YouTube ကြည့်တာထက်ပိုပြီး လက်တွေ့ကျတဲ့ ခရီး သွားခြင်းရဲ့အနှစ်သာရကို ခံစားနိုင်မှာပါ။ နေရာဒေသ သစ်တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာတွေကို အနီးကပ်ဆုံး စူးစမ်းလေ့လာခွင့်ရနိုင်သလို လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့နိုင်မယ့် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ငွေကုန်ကြေးကျသက်သာပြီး စွန့်စားမှုနဲ့ အတွေ့အကြုံသစ်တွေများစွာက သင့်ကိုစောင့်ကြိုနေမှာ ဖြစ်ပါတယ်။
(၂) ဒေသခံတွေနဲ့ မိတ်ဖွဲ့ပါ

Photo : WEX Inc.
သာမန် လျှောက်သွားလျှောက်စား ပျင်းစရာ ခရီးစဉ်တစ်ခုကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ ထူးထူးခြားခြား ခရီး တစ်ခုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒေသခံတွေနဲ့ မိတ်ဖွဲ့ပြီး စကားဝိုင်းဖွဲ့ လိုက်ပါ။ ဒေသခံတွေနဲ့ စကားစမြည် မိတ်ဖွဲ့ပြောဆိုတာဟာ မြို့အကြောင်း ၊ ဒေသအနီးတဝိုက်က စိတ်ဝင်စားစရာ အကြောင်းအရာတွေကို သိရှိနိုင်မှာဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်လည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ကိုယ်ရောက်နေတဲ့ ဒေသနဲ့ ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်တွေ ၊ ဒေသသုံး ဘာသာစကားတွေ ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း အခမဲ့လေ့လာသိရှိခွင့်ရမှာ ဖြစ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ အနည်းဆုံးတစ်ရက်လောက် ဒေသခံတစ်ယောက်လို နေထိုင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒေသခံတွေဆီက လေ့လာထားသမျှနဲ့ သူတို့ရဲ့ နေထိုင်မှုပုံစံအတိုင်း တစ်ရက်တာကို စီးမြောခံစားရင်း အချိန်ကုန်ဆုံးကြည့်ပါ။ တကယ်ကို ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံကောင်းတွေ ခံစားရရှိစေမှာ အသေအချာပါပဲ။
(၃) အထင်ကရ နေရာတွေကို ရောက်အောင်သွားပါ
Photo : Escape
ခရီးကပြန်ရောက်မှ အို….ဒီနေရာတော့ မရောက်ခဲ့ဘူးဆိုတာဟာ အဲ့ဒီခရီးစဉ်အတွက် မတန်ဘူးလို့ ပြောရမှာပါ။ မြို့တိုင်း ၊ နေရာတိုင်းမှာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အထင်ကရ Tourist Attraction နေရာတွေ ရှိပါတယ်။ ဒေသန္တရ အကျော်ကြားဆုံး နေရာတွေမှ မရောက်ခဲ့ရင် အဲ့ဒီခရီးစဉ်ဟာ သင့်အတွက် စိတ်ကျေနပ်စရာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။
အကောင်းဆုံးကတော့ ခရီး မသွားခင် တစ်ပတ်လောက်အလိုကတည်းက ကိုယ်သွားမယ့်နေရာ ဒေသမှာ ဘယ်လိုမျိုး Tourist Attraction နေရာတွေရှိလဲဆိုတာ ကြိုတင်ရှာဖွေပြီး List လုပ်ထားပါ။ ဒီမြို့ဒီဒေသကိုသွားရင် ဒီမှာရှိတဲ့ အထင်ကရ နေရာတွေကိုတော့ သေချာပေါက် ရောက်အောင်သွားသင့်ပါတယ်။
(၄) ဓာတ်ပုံရိုက်ပါ / မှတ်တမ်းရေးပါ

Photo : Freepik
ခရီးစဉ်ကို မှတ်တမ်းတင်ထားဖို့ သင်ဟာ Travel Vlogger တစ်ယောက်ဖြစ်စရာ မလိုပါဘူး။ ကိုယ်သွားတဲ့ ခရီး တစ်လျှောက်လုံးမှာ ဓာတ်ပုံနဲ့ မှတ်တမ်း ဗီဒီယိုတွေရိုက်တာ ၊ ခရီးစဉ်တစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအသစ်တွေကို ဒိုင်ယာရီစာအုပ်မှာ ရေးမှတ်ထားတာဟာ ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် လတ်ဆတ်တဲ့ ခံစားမှုကို ပေးစွမ်းမှာဖြစ်သလို နောက်ထပ်ခရီးစဉ်အသစ်တွေ ထပ်ထွက်ဖြစ်ဖို့ကိုလည်း လှုံ့ဆော်ပေးပါလိမ့်မယ်။
ဒါကြောင့် ခရီးတစ်ခုသွားပြီဆိုရင် ရောက်တဲ့နေရာမှာ ကင်မရာ သို့မဟုတ် ဖုန်းထုတ်ပြီး မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုလေးတွေ ရိုက်တာ ၊ စာအုပ်မှာ ချရေးတာမျိုး မဖြစ်မနေ လုပ်သင့်ပါတယ်။
(၅) ဒေသထွက် အစားအစာတွေ မြည်းစမ်းပါ

Photo : inside Elsewhere
ခရီးတစ်ခုသွားရင် အဲ့ဒီဒေသရဲ့ အထင်ကရ အစားအစာတွေ ၊ ရိုးရာဟင်းလျာတွေ မြည်းစမ်းကြည့်ရတာကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုပါပဲ။ ဘယ်နေရာဘယ်ဒေသမှာဖြစ်ဖြစ် ထင်ရှားကျော်ကြားတဲ့ ဒေသထွက် အစားအစာကောင်းတွေ အနည်းလေး ၂ မျိုး ၃ မျိုးတော့ ရှိကိုရှိပါတယ်။ ရိုးရာအစားအစာတွေ ၊ လမ်းဘေးအစားအစာတွေ ၊ အချိုပွဲနဲ့ အထင်ကရ ဟင်းပွဲတွေကို အနည်းဆုံး တစ်ကြိမ်လောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။ အခါအခွင့်ကြုံရင် ကိုယ်ရောက်တဲ့ ဒေသရဲ့ အထင်ကရ အစားအစာ ချက်ပြုတ်နည်းတွေကိုပါ လေ့လာခဲ့ပါ။
အခုပြောပြပေးခဲ့တာကတော့ ပြည်တွင်းပဲ ဖြစ်ဖြစ် ၊ ပြည်ပပဲ ဖြစ်ဖြစ် အလည်အပတ် ခရီးတစ်ခုထွက်တဲ့အခါ သေချာပေါက် လုပ်ကြည့်သင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်ရောက်တဲ့ နေရာဒေသရဲ့ အမှတ်တရပစ္စည်းလေးတွေကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ခဲ့ဖို့ အကြံပြုချင်ပါတယ်။ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်တဲ့အခါ လက်မှုပညာရပ်နဲ့ ဖန်တီးထားတဲ့ ပစ္စည်းလေးတွေကို ဦးစားပေးဝယ်ပါ။ ကိုယ်တိုင်သိမ်းထားဖို့ပဲ ဖြစ်ဖြစ် ၊ လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ် လက်မှုပစ္စည်းလေးတွေက တကယ်ကို အဖိုးတန်တဲ့ အမှတ်တရ ပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။
Featured Photo : Vox

