ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေကတော့ တကယ့်ကို အများကြီးပါပဲ။ ခရီးသွားခြင်း ကနေရရှိမယ့် အကျိုးကျေးဇူးတွေကို တကယ်ခရီးသွားကြည့်မှသာလျှင် လက်တွေ့ သိမြင် ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ ၊ အတွေ့အကြုံအသစ်တွေကို ခရီးသွားခြင်းကနေ ရနိုင်ပါတယ်။ ဒါကြောင့်လည်း တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ပုံမှန် ခရီးသွားသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ခရီးတစ်ခု မထွက်ခင် ကြိုတင်ပြင်ဆင်ရမယ့် အရာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) ပိုက်ဆံကြိုစုထားပါ

Photo : Adventure In You

ခရီးထွက်တဲ့အခါ ပိုက်ဆံအလုံအလောက် ပါဖို့က အရေးကြီးဆုံးပါပဲ။ စိတ်အပန်းပြေချင်လို့ ခရီးထွက်မှာ ဖြစ်တဲ့အတွက် ပိုက်ဆံကြောင့် စိုးရိမ်သောက မများရတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခရီးတစ်ခု ထွက်မယ်ဆိုရင် မသွားခင် အနည်းဆုံး ၆ လလောက်ကတည်းက ပိုက်ဆံနည်းနည်းစီ ကြိုတင်စုသွားပါ။ ခရီးသွားချိန်မှာ ပိုက်ဆံအလုံအလောက်ပါတာက အားရှိသလို ခရီးစဉ်တစ်လျှောက်လုံးအတွက်လည်း လုံခြုံစိတ်ချမှု အပြည့်ရစေမှာပါ။

(၂) အနည်းဆုံး ၃ ပတ်လောက် ကြိုတင်ပြင်ဆင်ပါ

Photo : Thrifty Nomads

ခရီးသွားမယ်လို့ စိတ်ကူးရှိတယ်ဆိုရင် ခရီးမသွားခင် ကြိုတင်ပြင်ဆင်ရမယ့်အရာတွေ အများကြီး ရှိပါတယ်။ ဒီအတွက် အချိန်ဆိုတာ လိုပါတယ်။ ကွီးတို့ ခရီးသွားတဲ့အခါ အစစ အရာရာ အဆင်ပြေ ချောမွေ့ချင်တယ်ဆိုရင် သွားမယ့်နေရာ ၊ ခရီးသွားမယ့် ပုံစံ ၊ တည်းခိုမယ့်နေရာ ၊ ခရီးလမ်းကြောင်း စတဲ့ အရာတွေကို အချိန်မှီပြင်ဆင်နိုင်ဖို့ အနည်းဆုံး အချိန် ၃ ပတ်ကနေ ၄ အထိ ယူပြီး အစီအစဉ်ဆွဲသင့်ပါတယ်။

(၃) သွားမယ့်နေရာဒေသအလိုက် အသုံးအဆောင်ပစ္စည်းတွေ ပြင်ဆင်ပါ

Photo : Ars Currendi

ကိုယ့်ခရီးသွားမယ့် နေရာက ရာသီဥတု အေးသလား ၊ ပူတက်သလား ၊ အချိန်အခါမဟုတ် မိုးရွာတက်တဲ့ နေရာတစ်ခုလားဆိုတာ ကြိုတင်လေ့လာဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် သွားမယ့်နေရာဒေသအလိုက် အသုံးအဆောင်ပစ္စည်းတွေကို ထည့်သွားသင့်လို့ပါ။ ရာသီဥတု ပူအိုက်တဲ့ နေရာကို ဂျာကင်အထူကြီးတွေ ၊ အနွေးထည်တွေ ထည့်သွားလို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဘယ်ကိုသွားမှာလဲ ၊ သွားနေရာဒေသက ဘယ်လိုရာသီဥတု ရှိလဲ ၊ ဘယ်ရာသီမှာ ခရီးသွားမလဲ စသည်တို့ကို ကြိုတင်စဉ်းစားပြီး လိုအပ်မယ့် အသုံးအဆောင်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၄) ကျန်းမာရေးဂရုစိုက်ပါ

Photo : Road Affair

ခရီးသွားချိန်မှာ မကျန်းမမာဖြစ်ရင် ဘယ်လိုမှ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခရီးမသွားခင်မှာ ကျန်းမာနေစေဖို့ ဂရုတစိုက် နေထိုင်သင့်ပါတယ်။ ကိုယ်က ပုံမှန် မှီဝဲနေရတဲ့ ဆေးတွေရှိတယ်ဆိုရင်လည်း ခရီးသွားချိန်မှာ မမေ့မလျော့ ထည့်သွားဖို့ အကြံပြုချင်ပါတယ်။ ခရီးမသွားခင်မှာ ကျန်းမာရေးကောင်းအောင် နေထိုင်ဖို့ လိုသလို ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ကျန်းမာနေဖို့ အစားအသောက် ၊ အနေအထိုင် အားလုံး ဂရုစိုက်သင့်ပါတယ်။

Featured Photo : Treksplorer