တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှု စကေးတွေပေါ်မူတည်ပြီး ဝါသနာနဲ့ ဝင်ငွေရအောင်ရှာဖို့ မခက်တော့ပါဘူး။ သင်ဟာ ခရီးသွားရတာ ကြိုက်တဲ့ ခရီးသွားချစ်သူ တစ်ယောက်ဆိုရင် ခရီးသွား ရင်းနဲ့ ဝင်ငွေရအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးသွားရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ရှာလို့ ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) ခရီးသွား Blog တွေ ဖန်တီးပါ
Photo : Great Escape Publishing
အားလုံးသိပြီးသား ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်ရဲ့ ခရီးသွားအတွေ့အကြုံတွေကို ဗီဒီယို ရိုက်ကူးပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ် ၊ ယူကျူ့ ၊ တစ်တော့ တို့မှာ ပြန်လည် မျှဝေခြင်းဖြင့် ဝင်ငွေရှာလို့ ရပါတယ်။ ဗီဒီယိုတွေကို စိတ်ဝင်စားဖို့ ကောင်းအောင် ဖန်တီးတင်ဆက်နိုင်တဲ့ စကေးရှိဖို့ လိုပါမယ်။ ကြည့်ရှု့သူ များရင်များသလို ဆိုရှယ်ပလက်ဖောင်းတွေက ပေးတဲ့ဝင်ငွေကို ကွီးတို့ ရရှိမှာ ဖြစ်ပါတယ်။
(၂) အွန်လိုင်း ဘာသာစကား သင်ကြားရေး ဆရာလုပ်ပါ
Photo : Summer Boarding Courses
ဘာသာစကားတစ်ခု ကျွမ်းကျင်မှုရှိဖို့ လိုပါမယ်။ သင်ကြားပိုင်းကိုလည်း စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တက်ကျွမ်းတဲ့ ဘာသာစကားကို အွန်လိုင်းပေါ်ကနေ သင်ကြားပေးခြင်းဖြင့် ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လက်ပ်တော့ သို့မဟုတ် ဖုန်းနဲ့ အင်တာနက် ရှိတယ်ဆိုရင်ပဲ ခရီးသွား ရင်း ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ပိုက်ဆံရှာလို့ရမှာ ဖြစ်ပါတယ်။
(၃) သဘာဝ ရှုခင်း ဓာတ်ပုံတွေ ရောင်းပါ
Photo : Chivalry Men Magazine
ခရီးသွား ချစ်သူတိုင်းကတော့ နေရာဒေသအသစ်တွေဆီ သွားရောက်လည်ပတ်တဲ့အခါ တစ်သက် မမေ့နိုင်စရာ လှပတဲ့ ရှုခင်းတွေ ၊ သဘာဝ တောတောင်ရေမြေ အလှတွေကို ဓာတ်ပုံရိုက်ကူးရတာ ဝါသနာ ပါသူတွေ ချည်းပါပဲ။ ကင်မရာကောင်းကောင်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ကူးမှုပိုင်းမှာ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်တယ်ဆိုရင် ကွီးတို့ရဲ့ လက်ရာ သဘာဝ ရှုခင်းအလှ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် သို့မဟုတ် ဝက်ဘ်ဆိုဒ်တွေမှာ ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေ ရနိုင်ပါတယ်။
(၄) အချိန်ပိုင်း အလုပ်လုပ်ပါ
Photo : Insider Guides
ခရီးသွားရင်း အချိန်ပိုင်း အလုပ်လုပ်ခြင်းဖြင့်လည်း ဝင်ငွေ အနည်းနဲ့အများ ရှာလို့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တော်များများမှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့အနေနဲ့ အချိန်ပိုင်းအလုပ် ခေါ်ယူတာတွေ ရှိပါတယ်။ ဥပမာ ၂၄ နာရီ စတိုးဆိုင်တွေ ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်လို နေရာတွေမှာ ဝင်ရောက်လုပ်ကိုင် နိုင်ပါတယ်။ ကိုယ်သွားရောက်လည်ပတ်မယ့် နိုင်ငံ သို့မဟုတ် နေရာဒေသက အချိန်ပိုင်း အလုပ်ခေါ်ယူမှုတွေကိုတော့ ကြိုတင်လေ့လာ ရှာဖွေသွားဖို့ အကြံပေးချင်ပါတယ်။
Source : Money Mini Blog
Featured Photo : Checkfront