ခေါင်း ပေါ်မှာ အနာ တွေ ပေါက်လို့ စိတ်ညစ်နေရပါသလား။ ဦးရေပြား ယားယံခြင်း ပြဿနာသည် လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ယားယံခြင်း အနည်း အများသာ ကွာခြားသွားတာဖြစ်ပါတယ်။ ခေါင်းယားလို့ ဆိုပြီး တဗျင်းဗျင်းနဲ့ ကုပ်ဖဲ့နေရတဲ့အခါ ရှိုးပဲ့ပြီး ကောင်မလေးတွေက ကွီးတို့ကို ညစ်ပတ်အိုးလို့ ထင်သွားပြီး ဝေးဝေးပြေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ဦးရေပြား ပြဿနာကို အခြေအနေ ပိုမဆိုးလာခင်မှာ အမြန်ဆုံး ကုသရမှာပဲ ဖြစ်ပါတယ်။

ကုသဖို့ဆိုရင် ကိုယ့် ခေါင်းပေါ်က ယားနာက ဘယ်လိုမျိုးဖြစ်ရသလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ဗောက်ကြောင့်လား

ဗောက်ကြောင့်လား

ဗောက်ပြဿနာကတော့ လူတစ်ရာမှာ ၉၈ ယောက်လောက်က ကြုံတွေ့နေရတဲ့ ဦးရေပြား ပြဿနာပဲဖြစ်ပါတယ်။​ ဗောက်ထခြင်းဆိုတာ ဆဲလ်သေများ ကွာကျသွားသလိုပါပဲ။ ပုံမှန်လူမှာတော့ ဒီဖြစ်စဥ်ကို သိသိသာသာ မမြင်တွေ့ရပေမယ့် ဗောက်ထတဲ့သူတွေမှာတော့ သိသာပါတယ်။ အထူးသဖြင့် အင်္ကျီအမဲရောင်များ၊ အရောင်ရင့်ရင့် အဝတ်အစားများ ဝတ်ဆင်တဲ့အခါ ပိုသိသာပါတယ်။

ဗောက်ထသူများအနေနဲ့ ဗောက်ပျောက် ခေါင်းလျှော်ရည်ကို အသုံးပြုပေးရမှာဖြစ်ပြီး ဦးရေပြားမှာ အစိုဓာတ် ကျန်ရှိနေအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့ရဲ့ ဗောက်ထခြင်း ပြဿနာကို သေချာ ဖြေရှင်းနိုင်မှသာလျှင် ကိုယ် ကြိုက်တဲ့ အဝတ်အစားများကို မိမိစိတ်ကြိုက် ဝတ်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

ခေါင်းလျှော်ရည် (သို့) အခြားသော ဆံကေသာ ထုတ်ကုန်ပစ္စည်းများနှင့် မတည့်လို့လား

ခေါင်း အနာ

ကွီးတို့က ရှိသမျှ ဆံကေသာ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုလေ့ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဦးရေပြား ယားယံခြင်း ပြဿနာသည် ကွီးတို့ရဲ့ ဆံကေသာ ထုတ်ကုန်ပစ္စည်းများကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်း အများအပြား ပါဝင်တဲ့ ဆံကေသာ ထုတ်ကုန်ပစ္စည်းများသည် ကွီးတို့ရဲ့ ဦးရေပြားကို ပျက်စီးစေပြီး ဆံကေသာ အလှအပကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ရည် ပစ္စည်းများ၊ ခေါင်းလိမ်းဂျယ်လ်များကို အသုံးပြုတဲ့အခါ ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ ပစ္စည်း အပျော့စားများကိုသာ အသုံးပြုသင့်ပါတယ်။

ခေါင်းပေါ်မှာ သန်းတွေ ပေါက်နေပြီလား

ခေါင်း အနာ

ခေါင်းပေါ်မှာ သန်းတွေ ဘာ့ကြောင့် ပေါက်သလဲဆိုပြီး အဖြေရှာမရဖြစ်နေပါသလား။

တကယ်တော့ သန်းရှိတဲ့ လူတစ်ယောက်ကနေ အခြားသူတစ်ယောက်ရဲ့ ခေါင်းပေါ်သို့ ဆော့ကစားနေချိန်မှာပဲဖြစ်ဖြစ်၊ ခေါင်းဘီးတစ်ခုတည်း အသုံးပြုရင်ပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်ပဲဖြစ်ဖြစ် ကူးစက်သွားရာကနေ ခေါင်းပေါ်မှာ သန်းတွေ ပေါက်ဖွားလာမှာပဲ ဖြစ်ပါတယ်။

ခေါင်းပေါ်မှာ သန်းရှိလို့ ယားယံတဲ့အခါ ဦးခေါင်းပေါ်က သန်းတွေကို နေ့တိုင်း ရှင်းလင်းရေး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ သန်းတွေကို ဖယ်ရှားပေးတဲ့ ဘီးစိပ်လေးနဲ့ တိုက်ချပြီး သန်းတွေကို ဖယ်ရှား ရှင်းလင်းကာ တစ်ကိုယ်ရည်သုံး ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။

ယားနာကြောင့်လား

ခေါင်း အနာ

Photo: Toplinemd

ခေါင်း ပေါ်မှာ ပေါက်တဲ့ အနာ နှင့် ယားနာ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ပွေး၊ ဝဲ၊ ဒက်၊ မွှေးကျွတ်နာ၊ ဓာတ်မတည့်ခြင်းကြောင့် အလက်ဂျစ်ထခြင်း အစရှိသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ကိုယ့်ရဲ့ ဦးရေပြားက မခံမရပ်နိုင်အောင် ယားယံလာပြီး အနာတွေ ပေါက်လာမယ်၊ ဂုတ်တစ်ဝိုက်နှင့် နားရွက် အနောက်ပိုင်း၊ ဒါမှမဟုတ် ဦးရေပြား တစ်ပြင်လုံးမှာ အနာဖြစ်ချင်သလို လက္ခဏာ ပြလာပြီဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီ အမြန်ဆုံး ပြေးသွားသင့်ပါပြီ။ ဆရာဝန်က သောက်ဆေး၊ လိမ်းဆေးလေး ပေးကာ ဆောင်ရန် ရှောင်ရန်များကို လမ်းညွှန်ပြသပေးပါလိမ့်မယ်။ ထိုဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ယားယံခြင်း ပြဿနာလည်း ပျောက်သွားမှာပဲ ဖြစ်ပါတယ်။

Source: Betterhealth

Featured Image: Freepik