ချစ်တင်းနှောတဲ့အခါ အတွေးတွေ ၊ စိတ်အာရုံတွေကို စုစည်းထားဖို့ အရေးကြီးပါတယ်။ စိတ်တွေ ပျံ့လွင့်နေမယ် ၊ အာရုံတွေ ထွေပြားဝေဝါး နေမယ်ဆိုရင် ခံစားမှုကောင်းကောင်းရနိုင်မှာ မဟုတ်သလို စိတ်ကျေနပ်စရာ လိင်မှုဘဝနဲ့လည်း ဝေးကွာသွားနိုင်ပါတယ်။ ဒီတော့ ချစ်တင်းနှော နေစဉ်အတွင်းမှာ အာရုံပျံ့လွင့်စေမယ့် အနှောင့်အယှက်တွေကို ဘယ်လိုတားဆီးရမလဲ ၊ စိတ်အာရုံတွေကို ဘယ်လိုဘယ်ပုံ စုစည်းထားရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) အချိန်နဲ့ နေရာကို သေချာရွေးပါ
Photo : Healthshots
ချစ်တင်းနှောချိန်မှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ ဖြစ်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်။ နေ့စဉ်ဘဝထဲက ဖိအားတွေ အလုပ်တာဝန်တွေနဲ့ ကသောင်းကနင်း ဖြစ်နေချိန် ဒါမှမဟုတ် အေးဆေးမဖြစ်တဲ့ အလုပ်ရှုပ်ချိန်တွေဟာ ဖိအားများစေပြီး ချစ်တင်းနှော တဲ့အပေါ် အာရုံစိုက်မှု နည်းစေနိုင်ပါတယ်။ နေရာရွေးချယ်မှု ၊ ပတ်ဝန်းကျင် အနေအထားဟာလည်း အလားတူပါပဲ။ သက်တောင့်သက်သာရှိပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင် အနေအထား ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ စိတ်လွတ်လက်လွတ်နဲ့ နှစ်ဦးသား အချစ်ပင်လယ်ထဲ စိတ်ကြိုက် ရွက်လွှင့်နိုင်မှာ ဖြစ်ပါတယ်။
(၂) ခံစားချက်တွေ ထုတ်ဖော်ပြသပါ
Photo : The Psychology Group Fort Lauderdale
အတွင်းစိတ်ထဲက စကားသံတွေကို ကိုယ့်ပါတနာနဲ့အတူတကွ မျှဝေသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေ ၊ နှစ်သက်မှု အကြိုက်တွေအပြင် လိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ စိုးရိမ်မှုတွေ ၊ သံသယတွေကို ပါတနာနဲ့အတူတကွ ပွင့်လင်းစွာ ပြောဆိုဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရင်းနှီးစွာ ဆက်သွယ်ပြောဆိုတာဟာ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်သိရှိခွင့်ရမှာ ဖြစ်သလို ဖိအားတွေ ၊ စိုးရိမ်မှုတွေလည်း လျော့ကျပြီး လိင်ဆက်ဆံမှုအပေါ် ကောင်းကောင်း အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
(၃) စိတ်အာရုံကို ငြိမ်သက်အောင် လေ့ကျင့်ပါ
Photo : Cornerstone Psychological Services
ပျံ့လွင့်နေတဲ့ စိတ်အာရုံဟာ ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေမှာ သေချာပါတယ်။ စိတ်တွေ အေးချမ်းတည်ငြိမ်ပြီး အာရုံစုစည်းမှုကောင်းကောင်း ရရှိစေဖို့ ကွီးတို့ရဲ့ စိတ်အာရုံကို ငြိမ်သက်အောင် လေ့ကျင့်သင့်ပါတယ်။ ဒီအတွက် အကောင်းဆုံး နည်းလမ်းကတော့ တရားထိုင်ခြင်း ၊ တရားမှတ်ခြင်းပါပဲ။ ဥပမာ ညဘက်မှာ သာယာကြည်နူးဖွယ် လိင်မှုဘဝ အခိုက်အတန့် ကောင်းတစ်ခုကို ရရှိဖို့အတွက် နေ့ဘက်မှာကတည်းက ကိုယ်တိုင် သတိတရားနဲ့ သတိကပ် နေထိုင်နိုင်အောင် လေ့ကျင့်တာ ၊ တရားထိုင်ခြင်းဖြင့် မိမိရဲ့စိတ်အာရုံကို စုစည်းတာတွေ လုပ်သင့်ပါတယ်။ စိတ်ကိုငြိမ်သက်အောင် လေ့ကျင့်တာဟာ တစ်ကြိမ်တစ်ခါအတွက် မဟုတ်ပါပဲ အမြဲတမ်း နေ့တဒူဝ လေ့ကျင့်သွားမယ်ဆိုရင် ပိုပြီး အကျိုးရှိနိုင်ပါတယ်။
Source : Healthshots
Featured Photo : Healthshots